တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ မိမိတို့နှင့်သက်ဆိုင်သည့် ဥပဒေများကို လိုက်နာရန်အတွက် ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်သဘောပေါက်မှသာ တရားဥပဒေနှင့်အညီနေထိုင်နိုင်ခြင်း၊ တရားစွဲဆိုခံရခြင်းတို့ကို ရှောင်ရှားနိုင်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ဥပဒေနှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဥပဒေစကားရပ်များ၏ သဘောသဘာဝများ၊ အသုံးအနှုန်းများနှင့် လက်တွေ့ဖတ်ရှုရာတွင် ဥပဒေကိုနားလည်သဘောပေါက်အောင် ဖတ်ရှုနိုင်မည့် နည်းလမ်းများကို လမ်းညွှန်ဖော်ပြထားပါသည်။
ဥပဒေရေးရာဆိုင်ရာ အခေါ်အဝေါ်များနှင့် အာဏာသက်ရောက်မှု
ဥပဒေကို ဖတ်ရှုရာတွင် ကနဦးအနေဖြင့် ဥပဒေရေးရာအခေါ်အဝေါ်အသုံးအနှုန်းများကို သိရှိရမည်ဖြစ်ပါသည်။
အက်ဥဒေ (Act) သည် ၁၉၆၂ ခုနှစ်မတိုင်မီက ရှိခဲ့သောဥပဒေများအားလုံးကို အက်ဥပဒေများဟုခေါ်ဆို၍ ဥပဒေ (Law) သည် တော်လှန်ရေးကောင်စီမှ ပြဋ္ဌာန်းသည့်ဥပဒေများမှစ၍ ယခုလက်ရှိကာလတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေများကို "ဥပဒေ (Law)” ဟု ခေါ်ဝေါ်သုံးစွဲလျက်ရှိပါသည်။
နည်းဥပဒေ (Rule) သည် တဆင့်ခံဥပဒေသာ ဖြစ်ပြီး အက်ဥပဒေ သို့မဟုတ် ဥပဒေက အာဏာအပ်နှင်းသောအခါမှသာ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ပါသည်။ နည်းဥပဒေကို များသောအားဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များသို့ နည်းဥပဒေပြုနိုင်သောအာဏာအပ်နှင်းလေ့ရှိပြီး နည်းဥပဒေမှာ အက်ဥပဒေ/ ဥပဒေ ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောနည်းလမ်းများသာ ဖြစ်ပါသည်။
ဥပဒေလက်စွဲ (Manual) ဆိုရာ၌ ဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ (Rules)၊ စည်းမျဉ်းဥပဒေများ (Regulations)၊ စည်းကမ်းဥပဒေ (By-Laws)၊ လုပ်ထုံးလုပ်နည်းများ (Procedures)၊ အမိန့်ကြော်ငြာစာ (Notification)၊ အမိန့် (Order) နှင့် ညွှန်ကြားချက် (Directive) များကို စုစည်း၍ စာအုပ် တစ်အုပ်တည်းတွင် အလွယ်တကူလက်ကိုင်အဖြစ် လေ့လာအသုံးနိုင်ရန် ပုံနှိပ်ထားသည့် လက်စွဲဖြစ်ပါသည်။
ဥပဒေအမည်ကို ပြဋ္ဌာန်းသည့် ဥပဒေ သို့မဟုတ် နည်းဥပဒေ၌ ဖော်ပြထားသည့် အမည်အတိုင်း ခေါ်ဝေါ်ရပါသည်။
ဥပမာ (၁)
၁။ (က) ဤဥပဒေကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ဟု ခေါ်တွင်စေရမည်။
ဥပဒေအမည်တွင် သာမာန်အားဖြင့် ပြဋ္ဌာန်းသည့် ခုနှစ် ထည့်လေ့မရှိသော်လည်း ဥပဒေအမည်တူရှိလျှင် ခုနှစ်ထည့်လေ့ရှိကြောင်း တွေ့ရှိသဖြင့် ဥပဒေအမည်တွင် ခုနှစ်အပါအဝင်ဖြင့်ခေါ်ဝေါ်ရသော ဥပဒေများရှိပါသည်။
ဥပမာ (၁) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ
ဥပမာ (၂) ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ
ဥပမာ (၃) ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ
ဥပဒေ ပုဒ်မ များ၏ အမည်ကို ပုဒ်မ၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်၊ ပုဒ်မခွဲငယ်စိတ် ဟူ၍ ခေါ်ဝေါ်ရပြီး ထို့အတူ နည်းဥပဒေများတွင် နည်းဥပဒေ၊ နည်းဥပဒေခွဲ၊ နည်းဥပဒေခွဲငယ် နှင့် နည်းဥပဒေခွဲငယ်စိတ်ဟူ၍ ခေါ်ဆိုသုံးနှုန်းရသည်။ ၎င်းဥပဒေ နှင့် နည်းဥပဒေ ခေါ်ဆိုမှုနှင့် ရေးသားမှုပုံစံတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
ဥပမာ (၁) ပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ ပုဒ်မခွဲငယ်စိတ် (ကက)
ဥပမာ (၂) နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁)၊ နည်းဥပဒေခွဲငယ်စိတ် (ကက)
ဥပဒေအာဏာတည်မှုတွင် ပြဋ္ဌာန်းသည့်ဥပဒေ၌ အာဏာတည်သည့်နေ့ရက် အတိအလင်းသတ်မှတ်ထားခြင်းမရှိလျှင် ထုတ်ပြန်သည့်နေ့ရက်မှ အာဏာသက်ရောက်ပါသည်။
ဥပမာ (၁) ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ
ဥပမာ (၂) ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ
ဥပဒေစတင်အာဏာတည်နေ့ရက်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ရက်ကို ဖော်ပြထားလျှင် ထိုနေ့တွင် အာဏာသက်ရောက်မှုရှိပါသည်။
ဥပမာ (၁) အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) တွင် "ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး (၃) လ ပြည့်မြောက်သည့်နေ့ရက်မှစတင်၍ အာဏာတည်စေရမည်။"
ဥပမာ (၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) တွင် "ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် နေ့ရက်မှ စတင် အာဏာတည်စေရမည်။" ဟု ပြဋ္ဌာန်းထားပါသည်။
ဥပဒေစာသား၊ စကားရပ်များ၏ အဓိပ္ပာယ်ကို နားလည်ခြင်း
ဥပဒေကိုဖတ်ရှုလေ့လာရာတွင် ဥပဒေ၏ အနှစ်သာရ (Spirit of Law) နှင့် ရည်ရွယ်ချက်တို့ကို သေချာစွာသိရှိခြင်းသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် ဥပဒေစာသား၊ ရေးထုံး၊ စကားရပ်များ၏ အနက်အဓိပ္ပာယ်ကို နားလည်ခြင်းသည် ဥပဒေကိုဖတ်ရှုရာတွင် လွယ်ကူစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ဥပဒေရေးထုံးများမှ အချို့ကို ထုတ်နှုတ်တင်ပြရသော် -
ဥပဒေများ၏ အဓိပ္ပာယ်ဖော်ပြချက်တွင်ရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်းတွင် စကားရပ်ကို ရှင်းလင်းခြင်းမဟုတ်ဘဲ ဥပဒေစာသားတွင် စကားရပ်စာသားရှည်နေသဖြင့် အတိုကောက်စကားရပ်အဖြစ် ဖွင့်ဆိုခြင်းဖြစ်ပါသည်။ ထိုသို့ဖွင့်ဆိုမှုတွင် အဓိပ္ပာယ်အားလုံးကိုခြုံ၍ဖွင့်ဆိုနိုင်လျှင် "ဆိုသည်မှာ (means) - - - - ဆိုသည်" ဟုအဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိပြီး ခြုံငုံ၍ဖွင့်ဆိုနိုင်ခြင်းမရှိလျှင် "ပါဝင်သည် (includes) - - - / ယင်းစကားရပ်တွင် ပါဝင်သည်/ မပါဝင် (does not includes)” ဖြင့် ရေးသားထားသည်ကို တွေ့ရှိရပါသည်။
ယေဘုယျအားဖြင့် ဥပဒေဖွဲ့စည်းပုံတွင် အောက်ဖော်ပြပါအခန်းများဆီလျော်သလို ပါရှိသည်ကို တွေ့ရသည် -
အခန်း (၁)၊ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် / အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
အခန်း (၂)၊ ရည်ရွယ်ချက်များ
အခန်း (၃)၊ ဗဟိုအဖွဲ့အစည်း၊ ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
အခန်း (၄)၊ လုပ်ငန်းကော်မတီများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
အခန်း (၅)၊ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း၊
အခန်း (၆)၊ စီမံခန့်ခွဲရေးအမိန့် သို့မဟုတ် ပြစ်ဒဏ်၊
အခန်း (၇)၊ အယူခံခြင်း၊
အခန်း (၈)၊ တာဝန်ရှိမှုများနှင့် လျော်ကြေး၊
အခန်း (၉)၊ တားမြစ်ချက်များ၊
အခန်း (၁၀)၊ ပြစ်မှုပြစ်ဒဏ်၊
အခန်း (၁၁)၊ ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း၊
ဥပဒေကို ဖတ်ရှုရာတွင် အောက်ဖော်ပြပါပြဋ္ဌာန်းချက်များ ပါဝင်သောအချက်အလက်များကို ဖတ်ရှုလေ့လာသင့်ပါသည် -
(က) ရှင်းလင်းချက်
(ခ) ခြွင်းချက်/ သို့ရာတွင်
(ဂ) နိုင်သည် (May) နှင့် ရမည် (Shall)
(ဃ) နှင့် (and) / သို့မဟုတ်/ ဖြစ်စေ (or)
(င) ဥပမာ
(စ) သော်လည်းကောင်း၊ လည်းကောင်း - ဥပဒေရေးသားချက်များ၏ သဘောသဘာဝနှင့် ပြဋ္ဌာန်းချက်များကို အလေးထားဖတ်ရှုသင့်ပါသည်။ ဥပဒေစာသား၊ ရေးသားချက်များသည် စကားလုံးတိုင်း၊ စကားရပ်များတိုင်း အနှစ်သာရနှင့်လေးနက်မှုများရှိ၍ အထက်ဖော်ပြပါ ထုတ်နှုတ်ဖော်ပြချက်များသည်ခြုံငုံမှု မရှိနိုင် သဖြင့် အသေးစိတ်လေ့လာမှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။
ဥပဒေရေးသားချက်များမှ နိုင်သည် (May) နှင့် ရမည် (Shall) ဆိုသည့်စကားရပ်သဘောသည် "နိုင်သည်" ဟုဆိုရာ၌ အဆိုပါပြဋ္ဌာန်းချက်သည် လုပ်ချင်မှ လုပ်နိုင်သည်၊ မလုပ်ဘဲလည်း ရသည့်သဘောရှိသည့် သဘောသက်ရောက်လျက် တစ်နည်းအားဖြင့် ပျော့ပြောင်းသည့် အဓိပ္ပာယ်ရပြီး "ရမည်" ဟုရေးသားထားလျှင် မလုပ်မနေရ လုပ်ရသည့်သဘော၊ မလုပ်လျှင် ပြစ်ဒဏ်ရှိသည့် သဘောရှိပါသည်။ ထို့အပြင် "မလုပ်ရ၊ မပြုရ" စသည်ဖြင့် တားမြစ်ချက်များသည် မဖြစ်မနေ လိုက်နာရမည့် ပြဋ္ဌာန်းချက်များဖြစ်ပါသည်။
သာဓကအားဖြင့် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ တွင်
၁၂။ (က) ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုခုတွင် လုပ်ကိုင်သော အလုပ်သမားတစ်ဦးဦးကို မည်သည့် နေ့ရက်၌မဆို အနည်းဆုံး မိနစ် ၃၀ အနားမပေးဘဲ တစ်ဆက်တည်း လေးနာရီထက်ပို၍ အလုပ် မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရ။ ထို့အပြင် နားချိန်နှင့် အလုပ်လုပ်ချိန်စုစုပေါင်းသည် ဆိုင်နှင့် ကုန်သွယ်အလုပ်ဌာန၊ အများပျော်ရွှင်ရေးအလုပ်ဌာန အတွက်ဖြစ်ပါက အချိန်ပိုနှင့် နားချိန်တစ်နာရီ အပါအဝင် တစ်ရက်လျှင် ၁၁ နာရီထက် မပိုစေရ။
(ခ) အစောင့်၊ လုံခြုံရေးအဖြစ်ဖြင့် အလုပ်လုပ်သူတို့အတွက် ပုဒ်မခွဲ (က) ပါ အနားယူရန် အားလပ်ချိန် မပေးဘဲ နေနိုင်သည်။
အဆိုပါဥပဒေ၏ ပုဒ်မ ၂၆ တွင်
၂၆။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၉ ၊ ၁၀ နှင့် ပုဒ်မ ၁၂ ၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောက်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
အထက်ဖော်ပြပါ ဥပမာ ဥပဒေပြဋ္ဌာန်းချက်ကိုလေ့လာရာတွင် ပုဒ်မ ၁၂ ၌ “မပြုရ” “မပိုစေရ” တားမြစ်ချက်အတွက် ပုဒ်မ ၂၆ တွင် ပြစ်ဒဏ်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) အရ “နိုင်သည်” ဟုဖြင့်ဆိုသောပြဋ္ဌာန်းချက်တွင် အနားယူရန် အားလပ်ချိန်ပေးခြင်း သို့မဟုတ် မပေးဘဲလည်း နေနိုင်သည့်သဘောကို တွေ့နိုင်ပါသည်။
"ခြွင်းချက်" နှင့်စပ်လျဉ်း၍ ဥပဒေ၏ ရည်ရွယ်ချက်အပေါ်မူတည်၍ ခြွင်းချက်အမျိုးမျိုးရှိနိုင်ပါသည်။ ခြွင်းချက်များကို အောက်ပါအတိုင်းလေ့လာတွေ့ရပါသည် -
(က) ဥပဒေ၏ ရည်ရွယ်ချက်ကို ကန့်သတ်ပေးသော ခြွင်းချက်၊
(ခ) ဥပဒေ၏အာဏာစက်နယ်ပယ်ကို ကန့်သတ်ပေးသော ခြွင်းချက်၊
(ဂ) အသက်အရွယ်ကို ကန့်သတ်ပေးသော ခြွင်းချက်၊
(ဃ) အကြောင်းချင်းရာအပေါ် ကန့်သတ်ပေးသော ခြွင်းချက်၊
(င) အချိန်ကာလစည်းကမ်းသတ်မှတ်မှုနှင့် သက်ဆိုင်သော ခြွင်းချက်၊
(စ) တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ဆက်စပ်နေသဖြင့် ရှင်းလင်းစေရန်ပြဋ္ဌာန်းသော ခြွင်းချက်၊
(ဆ) လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်းသော ခြွင်းချက်၊
(ဇ) ထူးခြားသောပုဂ္ဂိုလ်များနှင့် ပတ်သက်သော ခြွင်းချက်၊
(ဈ) အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု သဘောသက်ရောက်နေသောကိစ္စများအတွက် ခြွင်းချက်၊
(ည) လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်ရပ်ဆိုင်းထားခွင့်၊ လျော့ပေါ့ခွင့်၊ ပယ်ဖျက်ခွင့် စသည့်သီးခြားထုတ်ပြန်ပေးသော ခြွင်းချက်။ ဟူ၍ ခြွင်းချက်အမျိုးမျိုးရှိသဖြင့် မိမိလေ့လာသည့်ဥပဒေတွင် မည်သည့်ကိစ္စရပ်များ ခြွင်းချက်ရှိသည်ကို သိရှိရန်လေ့လာရမည်ဖြစ်ပါသည်။
ယေဘုယျအားဖြင့် ဥပဒေကို ဖတ်ရှုလေ့လာရာတွင် ဥပဒေအမည်နှင့် အာဏာတည်သည့်နေ့ရက်၊ အကျုံးဝင်သက်ဆိုင်မှု တစ်နည်း သက်ရောက်မှု၊ ရည်ရွယ်ချက်များ၊ ကြီးကြပ်သည့်အာဏာပိုင်အဖွဲ့ သို့မဟုတ် ဌာန၊ ခြွင်းချက်၊ ကင်းလွတ်ချက်၊ လိုက်နာရမည့်ပြဋ္ဌာန်းချက်များနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ရဲအရေးပိုင်ခြင်း မပိုင်ခြင်းနှင့်စပ်လျဉ်းသောဖော်ပြချက်များကို သိရှိရန်ခြုံငုံ၍လေ့လာသင့်ပါသည်။ ရဲအရေးယူပိုင်ခွင့်ရှိ/ မရှိကိုလေ့လာခြင်းအားဖြင့် ရဲအရေးယူပိုင်ခွင့်ရှိပါက ဥပဒေတွင်ပြဋ္ဌာန်းထားသော ပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါက ရဲမှဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ဖမ်းဆီးရန် ဝရမ်းမလိုအပ်၊ မရှိပါက ဖမ်းဆီးရန် ဝရမ်းလိုအပ်ပြီး ရဲမှ တရားရုံးခွင့်ပြုချက်ယူရမည့် အကြောင်းအရာတို့ကို သိရှိနိုင်ပါသည်။
ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ အဓိပ္ပာယ်ဖော်ပြချက်ကို လေ့လာရာတွင်
“ (ခ) ကုန်သွယ်အလုပ်ဌာန ဆိုသည်မှာ ကြော်ငြာလုပ်ငန်း၊ ကော်မရှင်လုပ်ငန်း၊ ကုန်စည်ပေးပို့ရေး ကိုယ်စားလှယ်လုပ်ငန်း၊ ကုန်သွယ်ရေးကိုယ်စားလှယ် လုပ်ငန်းများဆောင်ရွက်သည့် အလုပ်ဌာနတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် စက်မှုလက်မှု အလုပ်ဌာန သို့မဟုတ် ကုန်သွယ်လုပ်ငန်း၏ ရုံးလုပ်ငန်း ဌာန၊ အာမခံကုမ္ပဏီ၊ ကုမ္ပဏီ၊ ပုဂ္ဂလိကဘဏ်၊ အကျိုးဆောင်လုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ ပုဂ္ဂလိက အလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း၊ ပုဂ္ဂလိကကျောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ပုဂ္ဂလိ ကဆေးခန်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးလေ့ကျင့်မှု အားကစားရုံ၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်များသည်လည်း ကောင်း၊ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ် ပြန်၍ ဤဥပဒေနှင့်အကျုံးဝင်သည့် ကုန်သွယ်အလုပ် ဌာနဟု သတ်မှတ်သည့်နေရာသည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ ဆိုင် သို့မ ဟုတ် အများပျော်ရွှင်ရေးအလုပ်ဌာန မပါဝင်။" ဟုဖော်ပြထားသဖြင့် အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကုန်သွယ်အလုပ်ဌာနနှင့် သက်ဆိုင်သော လုပ်ငန်းအမျိုးအစားများကို သိရှိရပါသည်။
ထို့အပြင် အဆိုပါဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ) နှင့် (ည) ဖြစ်သည့် ပြဋ္ဌာန်းချက်တွင်
“(ဈ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို ဆိုသည်။
(ည) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။" ကိုဖော်ပြထားသည်ကို လေ့လာခြင်းဖြင့် ဤဥပဒေ၏ ကြီးကြပ်သည့်အာဏာပိုင်အဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင် ရွက်ရမည့် ဦးစီးဌာနအမည်တို့ကို သိရှိနိုင်ပါသည်။
ဥပဒေပြဋ္ဌာန်းချက်များအတွက် အလုပ်သမားဥပဒေရေးရာများဆိုလျှင် ခုံသမာဓိကောင်စီ မှဆုံးဖြတ်ခဲ့သည့် အငြင်းပွားမှုများ၊ ခုံသမာဓိအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ စီရင်ထုံးများကိုလေ့လာခြင်း၊ ဥပဒေကိုစည်းကြပ်သည့် အာဏာပိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များ၊ စီရင်ထုံးများကို လေ့လာခြင်းတို့သည် ဥပဒေကိုပိုမိုသိရှိနားလည်ရန် အထောက်အကူဖြစ်စေပါသည်။ ဥပဒေများ၊ နည်းဥပဒေ၊ စည်းမျဉ်းများသည် ခေတ်စနစ်နှင့်အခါအားလျော်စွာပြောင်းလဲမှုများရှိသဖြင့် ထိုဥပဒေပြောင်းလဲမှုများကို သိရှိအောင်ကြိုးပမ်းရမည်ဖြစ်ပါသည်။ သို့မှသာ ဥပဒေရေးရာပြောင်းလဲမှုများကို သိရှိနိုင်၍ လိုအပ်သော လိုက်နာဆောင်ရွက်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ဥပဒေများကိုဖတ်ရှုလေ့လာရာတွင် ဥပဒေရေးထုံးများကိုသိရှိ၍ လေ့လာခြင်း၊ ဥပဒေပြဋ္ဌာန်းချက်များကို ခွဲခြမ်းစိတ်ဖြာ၍ စနစ်တကျ အသေးစိတ်လေ့လာခြင်းများသည် ဥပဒေများကိုလိုက်နာအကောင်အထည်ဖော်ရမည့်သူများအတွက် ဥပဒေ၏ အနှစ်သာရနှင့် ရည်ရွယ်ချက်များကိုပိုမိုနားလည်သိရှိစေမည်ဖြစ်ပါသည်။ ဥပဒေပညာရပ်သည် လွန်စွာသိမ်မွေ့နူးညံ့၍ နက်နဲသဖြင့် ဤဆောင်းပါးတွင် ထုတ်နုတ်ဖော်ပြထားသည့် လမ်းညွှန်ချက်များသည် ဥပဒေရေးရာလေ့လာမှု အမြောက်အများကို လွှမ်းခြုံမှုမပြုနိုင်သော်လည်း ဥပဒေကို လေ့လာသူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် လေ့လာတင်ပြအပ်ခြင်းဖြစ်ပါသည်။
ရည်ညွှန်းချက်
၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ
ဥပဒေရေးဆွဲခြင်း အနုပညာ
ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်