ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန်အလို့ငှာ မိမိတို့နိုင်ငံနှင့်လိုက်လျောညီထွေရှိမည့်ကာကွယ်ရေးအစီအမံများကို ဖော်ထုတ်သတ်မှတ်လျက် နိုင်ငံသားတိုင်းနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်စစ်မှုထမ်းခြင်းကို အမျိုးသားရေးတာဝန်အဖြစ်ထမ်းဆောင်ရန် ဥပဒေများချမှတ်အကောင်အထည်ဖော်၍ ဆောင်ရွက်သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြဋ္ဌာန်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံတွင် ၁၉၅၉ ခုနှစ်မှစ၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ အသစ်ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့လျက် အဆိုပါဥပဒေ၏ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီ လ ၁၀ ရက်တွင် အာဏာတည်စေရမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့သော ဥပဒေဖြစ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူသည်
- အမျိုးသားဖြစ်လျှင် အသက် (၁၈) နှစ် မှ အသက် (၃၅) နှစ်၊
- အမျိုးသမီးဖြစ်လျှင် အသက် (၁၈) နှစ်မှ အသက် (၂၇) နှစ် ဖြစ်၍
- ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် (၁၈) နှစ်မှ အသက် (၄၅) နှစ် နှင့်
- ကျွမ်းကျင်သူအမျိုးသမီးဖြစ်ပါက အသက် (၁၈) နှစ်မှ အသက် (၃၅) နှစ်မပြည့်သေးသော နိုင်ငံသားဟူ၍ သတ်မှတ်ထားပြီး
ပြည်သူ့စစ်မှုထမ်းရန်ကာလကို
- စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်း (၂၄) လ၊
- စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက်မှ တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများနှင့် ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်ပြီး နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်လျှင် ပြည်သူ့စစ်မှုထမ်းရန်ကာလကို (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟူ၍ ပြဋ္ဌာန်းထားပါသည်။
အလုပ်ရှင်များနှင့်စပ်လျဉ်း၍ အဆိုပါဥပဒေ၏ အခန်း (၄)၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၌ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) တွင် "ပုဒ်မ ၃ နှင့် ၄ ပါ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူအလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်" ဟူ၍ ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်နှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို ယင်းဥပဒေ၏ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (စ) ၌ "ပြည်သူ့စစ်မှုထမ်းရန်ကာလပြီးဆုံးသော မိမိ၏အလုပ်သမားအား ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်း" ဟူ၍ဖော်ပြထားပြီး ပုဒ်မ ၂၃ အရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ပုဒ်မ ၂၇ တွင်လည်း ပုဒ်မ ၂၃ ပါ ပြစ်မှုကို ကျူးလွန်ကြောင်းစွဲဆိုသည့်အမှုတွင် ယင်းပျက်ကွက်မှုများနှင့် စပ်လျဉ်း၍ ခိုင်လုံသောအကြောင်းပြချက်ရှိကြောင်း သက်သေထင်ရှားပြသရန်တာဝန်သည် တရားခံအပေါ်၌ ကျရောက်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့်ထုတ်ပြန်ကြေညာသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ၌ ပုဒ်မ ၄၄ တွင် "အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်းအလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၅ တွင် "ပြည်သူ့စစ်မှုထမ်းကာလပြည့်မြောက်သည့် အလုပ်သမားတစ်ဦးက မူလအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်ထံသို့ ပြန်လည်သတင်းပို့သည့်အခါ အလုပ်ရှင်သည် ယင်းအလုပ်သမားအား မူလအလုပ်အကိုင်ကိုဖြစ်စေ၊ မူလအလုပ် အကိုင်တွင် ပြန်လည်ခန့်ထားရန် အခက်အခဲရှိသည့်အခါ အလားတူအလုပ်အကိုင်တွင်ဖြစ်စေ ခန့်ထားနိုင်ရေးအတွက် ဗဟိုအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။" ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရပါသည်။
အလုပ်သမားဥပဒေများနှင့်ဆက်စပ်၍လေ့လာရာတွင် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ) တွင် "အလုပ်သမားတစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေထုတ်ပေးရမည်။" ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် အလုပ်ရှင်များအနေဖြင့် မိမိတို့၏ဝန်ထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ အထူးခွင့်အဖြစ်သတ်မှတ်၍ အခကြေးငွေထုတ်ပေးရန်လိုအပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) နှင့်အညီ အလုပ်ခန့်ထားရန် လိုအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် လုပ်ငန်းအဖွဲ့အစည်းတိုင်းသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မိမိတို့၏ လုပ်သားအင်အားများချိန်ညှိမှု၊ တာဝန်ချထားမှုနှင့် လိုအပ်သောစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းအချက်အလက်များကို သေချာပြုစုထားရှိရန်နှင့် ရရှိထားသည့် ဝန်ထမ်းအချက်အလက်များ Update ဖြစ်စေရန် ဦးစွာလုပ်ဆောင်သင့်ပါသည်။ ထို့အပြင် ဝန်ထမ်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော အကြောင်းကိစ္စရပ်များကို HR များ၊ စီမံခန့်ခွဲသူများနှင့် အလုပ်ရှင်သို့ဆက်သွယ်သတင်းပို့နိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းကို သတ်မှတ်ပေးခြင်း၊ ဝန်ထမ်းများသိရှိအောင် ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကြိုတင်ချိန်ညှိခြင်းနှင့် လုပ်အားစီမံခန့်ခွဲမှုအစီအမံများ၊ ဝန်ထမ်းခန့်ထားမှုနှင့် နေရာချထားမှုဆိုင်ရာ အစီအမံများချမှတ်အကောင်အထည်ခြင်းများစသဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
ထို့အပြင် ဝန်ထမ်းများမှလည်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခြင်း၊ တာဝန်ထမ်းဆောင်မှု စသဖြင့် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများရှိပါက အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပို့ခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများသိရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ တရားဝင်အဖွဲ့အစည်းများမှ ထုတ်ပြန်သော သတင်းအချက်အလက်များကို ရယူခြင်းတို့ကို ပြုလုပ်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
ရည်ညွှန်းချက်
ပြည်သူ့စစ်မှုထမ်းဥပဒေ
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ
၂၀၁၆ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ