မည်သည့်အဖွဲ့အစည်းမဆို မိမိတို့အဖွဲ့အစည်းမှကျင့်သုံးမည့် ထိရောက်သောမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ရေးသားခြင်းသည် ၎င်းတို့၏ရည်မှန်းချက်များအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများသည် အဖွဲ့အစည်းတွင်ပါဝင်သူများ၏ အပြုအမူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် လမ်းညွှန်မှုပေးသော သံလိုက်အိမ်မြှောင်တစ်ခုဖြစ်ပါသည်။ ကောင်းစွာရေးဆွဲထားသည့် မူဝါဒများသည် ရှုပ်ထွေးမှုများကို လျှော့ချရန်၊ တရားမျှတမှုနှင့် ကောင်းမွန်သော စံချိန်စံညွှန်းများကို မြှင့်တင်ရန်၊ ဥပဒေ စည်းမျဉ်းစည်းကမ်းဘောင်များအား သွေဖယ်မှုမရှိဘဲ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် သေချာစေသော လုပ်ငန်းဆောင်တာများကို ညွှန်ပြလျက်ရှိပါသည်။
ဤဆောင်းပါးတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲရာ၌ ကောင်းမွန်သည့် အလေ့အထများ၊ အခြေခံမူများနှင့် ထိရောက်သောမူဝါဒများရေးသားနည်းဆိုင်ရာ နည်းစနစ်များကို စုစည်းလျက်လေ့လာတင်ပြထားပါသည်။ ဖော်ပြပါအခြေခံမူများနှင့် နည်းစနစ်များကို ဥပဒေမူကြမ်းရေးဆွဲသည့်အမြင်မှ ချဉ်းကပ်၍ရေးသားသည့်စနစ်ကို အခြေခံထားပြီး အဖွဲ့အစည်းအသီးသီးမှပွင့်လင်းမြင်သာမှုရှိ၍ တာဝန်ယူမှုရှိသော လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်မှုများအပါအဝင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး၊ အလုပ်သမားစံချိန်စံညွှန်းများနှင့် ဥပဒေတို့ကို လိုက်နာသည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အထောက်အပံ့ပြုစေရန်ရည်ရွယ်၍ လုပ်ငန်းအတွက်လိုအပ်သော မူဝါဒအမျိုးမျိုးကို ရေးဆွဲအကောင်အထည်ဖော်ရာတွင်အသုံးပြုနိုင်ရန် သက်ဆိုင်ရာရည်ညွှန်းချက်များနှင့်အတူ စာရေးသူ၏အတွေ့အကြုံနှင့် ပေါင်းစပ်၍ ရေးသားဖော်ပြအပ်ပါသည်။
မူဝါဒ နှင့် လုပ်ထုံးလုပ်နည်းများကိုရေးသားရာတွင် လိုက်နာသင့်သည့်အခြေခံမူများ
- ပဏာမအားဖြင့် မိမိအဖွဲ့အစည်းတည်ရှိရာ သက်ဆိုင်ရာ နိုင်ငံမှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ညွှန်ကြားချက်များစသည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်၍ သို့မဟုတ် ချိုးဖောက်၍ ရေးသားခြင်းမပြုရန်အတွက် အထူးဂရုပြုရန် လိုအပ်ပါသည်။
- ထို့အတူသက်ဆိုင်ရာနိုင်ငံရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေနိုင်မှု၊ ခွဲခြားဆက်ဆံမှု နှင့် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် အသုံးအနှုန်းများပါဝင်ခြင်းမရှိစေရန်လည်း ဂရုပြုရမည် ဖြစ်ပါသည်။
- အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းများနှင့် စပ်လျဉ်း၍ ရည်ညွှန်းရေးသားပါက ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် များ၊ အသုံးအနှုန်းများ၊ ဘာသာပြန်ဆိုချက်များကို နိုင်ငံတော် သို့မဟုတ် အဆိုပါ ကွန်ဗန်းရှင်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ တရားဝင်ထုတ်ပြန်ထားသည့် အသုံးအနှုန်းအရေးအသားများကို ကိုးကား၍ ရေးသားရပါမည်။ သို့မှသာ အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ ရှင်းလင်းချက်များ၊ စကားလုံးရွေးချယ်အသုံးပြုမှုများတွင် အငြင်းပွားမှုမရှိစေဘဲ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမည်ဖြစ်ပါသည်။
- ထို့အပြင် မိမိအဖွဲ့အစည်းမှ ချမှတ်ထားသည့် ဦးတည်ချက်များ၊ တန်ဖိုးထားမှုနှင့် စံသတ်မှတ်ချက်များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ညီညွတ်မှုရှိစေရန် ရေးဆွဲရမည်ဖြစ်ပြီးရေးဆွဲသည့်မူဝါဒများ၊ လုပ်ထုံးလုပ် နည်းများ၏အနှစ်သာရနှင့် ရည်ရွယ်ချက်ပေါ်လွင်စေရန် ရေးသားရမည်ဖြစ်ပါသည်။
- ဝန်ထမ်းများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုကို ထိခိုက်စေမည့်အချက်များကို ရှောင်ရှားရမည့်အပြင် မျှတမှုရှိရမည်။
- ထို့နည်းတူစွာ အဖွဲ့အစည်းအတွင်း လက်ရှိကျင့်သုံးနေသည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ နှင့် ဖောင်းပွမှုမရှိစေရန် သေချာစွာစိစစ်ရမည်ဖြစ်ပြီး လိုအပ်မှသာ အသစ်ရေးဆွဲခြင်း၊ ပြန်လည်ပြုပြင်ရေးဆွဲခြင်းတို့ကို ပြုလုပ်သင့်ပါသည်။
- သို့ရာတွင် ထုတ်ပြန်ထားသော မူဝါဒများသည် ခေတ်စနစ်နှင့်လျော်ညီရန်၊ အဖွဲ့အစည်း၏ မဟာဗျူဟာနှင့် ဦးတည်ချက်များနှင့် လိုက်လျော ညီထွေမှုရှိစေရန် ပြန်လည်သုံးသပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို သင့်လျော်သည့်ကာလအလိုက် စီမံဆောင်ရွက်သင့်သည်ဖြစ်ပါသည်။
- မူဝါဒပါ ထုတ်ပြန်ချက်များကို အဖွဲ့၊ ကော်မတီဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါက အဆိုပါအဖွဲ့၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို အဆိုပါမူဝါဒတွင် ဖော်ပြပါရှိသင့်ပါသည်။ ဤသို့ ကော်မတီကိစ္စရပ်များနှင့်စပ်လျဉ်း၍ မူဝါဒတွင်ထည့်သွင်းရေးဆွဲထားခြင်းဖြင့် သက်ဆိုင်ရာမူဝါဒများအလိုက် ကော်မတီများဖွဲ့၍ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
- မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ရေးသားရာတွင် အဖွဲ့အစည်း၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များကို ဦးတည်၍ ဖြစ်နိုင်သမျှ ရေရှည်အသုံးပြုနိုင်ရန် ရှုထောင့်ပေါင်းစုံမှ လေ့လာလျက် ရေးဆွဲရပါမည်။
အခြေခံရမည့် ရေးထုံးရေးနည်းများနှင့် စံချိန်စံညွှန်းများ
မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးသားရာတွင် အောက်ဖော်ပြပါ ရေးထုံးရေးနည်းများနှင့် စံချိန်စံညွှန်းများကို အခြေခံ၍လည်း စိစစ်ရေးသားသင့်ပါသည်။ တနည်းအားဖြင့် ဤစံချိန်စံညွှန်းများသည် မူဝါဒ၊ လုပ်ထုံး လုပ်နည်းကောင်းများတွင် ရှိသင့်ရှိထိုက်သည့် ကြန်အင်လက္ခဏာလည်းဖြစ်ပါသည် -
- မူဝါဒ၏ အမည်၊ ထုတ်ပြန်သည့် နေ့ရက်ကို ကနဦးခေါင်းစဉ်တပ်၍ ဖော်ပြရမည်ဖြစ်ပါသည်။
- မူဝါဒအမည်ကို မည်သို့ခေါ်တွင်ရမည်ကို ဖော်ပြရမည်ဖြစ်ပြီး မူဝါဒအကျုံးဝင်သက်ရောက်မည့် နေ့ရက်ကို ဖော်ပြ၍ ဖြစ်စေ သို့မဟုတ် ရုံးတွင်းအမိန့်စာဖြင့် သီးခြားထုတ်ပြန်လိုပါက အကျုံးဝင်သက်ရောက်မည့်နေ့ရက်ကို ထည့်သွင်းခြင်းမပြုဘဲ ရေးသားနိုင်ပါသည်။
- ထို့နောက် မူဝါဒထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်သည် အနည်းငယ်သာရှိပါက နိဒါန်းတွင်ပေါင်းစပ်ဖော်ပြနိုင်ပြီး ရည်ရွယ်ချက်မှာ များပြားမှုရှိပါက ရည်ရွယ်ချက်များကို သီးခြားအခန်းဖြင့် ရေးသားဖော်ပြခြင်းသည် ပိုမိုကောင်းမွန်မှုရှိပါသည်။
- ထို့အပြင် မိမိတို့ရေးသားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၏ သက်ရောက်မှုနယ်ပယ်ကို သေချာစွာလွှမ်းခြုံမှုရှိစေရန် သတ်မှတ်ဖော်ပြရမည်ဖြစ်ပါသည်။
- မူဝါဒတွင် ပါရှိသည့် စကားရပ်များ၏ အနက်အဓိပ္ပာယ်ကိုလိုအပ်ပါက ဖွင့်ဆိုရာတွင် ရှင်းလင်းပြတ်သား၍ မူဝါဒပါ သဘောတရားများကို လွှမ်းခြုံသော အဓိပ္ပာယ်သက်ရောက်စေသည့် စကားရပ်များဖြင့်ဦးတည်၍ ဖွင့်ဆိုသင့်ပါသည်။
- အရေးကြီးသော အချက်အလက်များပြည့်စုံမှုရှိ၍ အကြောင်းအရာအချက်အလက်များ ထပ်နေခြင်း၊ လစ်လပ်ခြင်း မရှိစေရန် ရေးသားရမည်။
- အဓိပ္ပာယ်အမျိုးမျိုးကောက်ယူနိုင်ပြီး ရှုပ်ထွေးသည့် စကားရပ်အသုံးအနှုန်းများကို ရှောင်ကြဉ်၍ အရေးအသား ကျစ်လစ်ပြီး လွယ်ကူစွာနားလည်သဘောပေါက်စေမည့် စကားရပ်များကို သုံးနှုန်းရေးသားရမည်။ စကားပြောဟန် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ တည်တည်ခန့်ခန့်စာသားများဖြင့် ရေးသားသင့်ပါသည်။
- လွန်စွာတင်းကြပ်သောသဘောဆောင်သည့် စကားလုံးများနှင့် စကားရပ်များကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။
- မူဝါဒရေးဆွဲရာတွင် စာသား၊ ဝေါဟာရ၊ ဝါကျနှင့် သဒ္ဒါအသုံးအနှုန်းရှင်းလင်းပြီး မှန်ကန်အောင် ရေးသားရမည် ဖြစ်ပြီး စာသားများနှင့် စာပိုဒ်များသည် ရှေ့နောက် အစီအစဉ်ကျနမှုရှိရမည်။
- စာလုံးပေါင်းသတ်ပုံကျမ်း၊ အဘိဓာန်တို့နှင့်အညီ ဝေါဟာရ အသုံးအနှုန်းနှင့် စာလုံးပေါင်းမှန်ကန်စေရန် ဂရုပြုရမည်ဖြစ်ပါသည်။
- ထို့အပြင်ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများကို သေချာစွာစနစ်တကျအသုံးပြုရန်လည်း လိုအပ်ပါသည်။
- အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အတတ်ပညာဆိုင်ရာဝေါဟာရနှင့် ဘာသာရပ်ဆိုင်ရာဝေါဟာရများကို မြန်မာဘာသာသို့ပြန်ဆိုသုံးနှုန်းရာတွင် ပိုမိုရှင်းလင်းမှုရှိစေရန် လိုအပ်ပါက အင်္ဂလိပ်ဘာသာစကားလုံးကို ကွင်းစ၊ ကွင်းပိတ် “(...)” ဖြင့် ရေးသားဖော်ပြသင့်ပါသည်။
- မူဝါဒများ ရေးသားထုတ်ပြန်ခြင်း၏ နောက်ဆက်တွဲ ရုံးတွင်းအမိန့်စာ (Office Order)၊ ညွှန်ကြားချက် (Directive) နှင့် လုပ်ထုံးလုပ်နည်းများ (Procedures) ရေးသားရာတွင် ထုတ်ပြန်ထားသည့် မူဝါဒကို ကျော်လွန်ခြင်း၊ ဆန့်ကျင်ခြင်း၊ ကွဲလွဲခြင်းမရှိစေရန် သတိပြုရေးသား၍ ထုတ်ပြန်သင့်ပါသည်။
မူဝါဒရေးဆွဲရာတွင် ရေးဆွဲသည့်မူဝါဒကို အောက်ဖော်ပြပါသွင်ပြင်လက္ခဏာများနှင့် ကိုက်ညီမှုရှိမရှိကို စစ်ဆေးရန်လည်း လိုအပ်ပါသည်။
မူဝါဒ သို့မဟုတ် လုပ်ထုံးလုပ်နည်းသည် -
(က) ရှင်းလင်းခြင်း (Clarity) ရှိ/ မရှိ
(ခ) တိကျခြင်း (Precision) ရှိ/ မရှိ
(ဂ) သေချာခြင်း (Certainty) ရှိ / မရှိ
(ဃ) ကျစ်လစ်သောစာအရေးအသားဖြင့် ဆိုလိုရင်း ရောက်ခြင်း (Conciseness) ရှိ / မရှိ
(င) ထိရောက်မှု (Effectiveness) ရှိ / မရှိ တို့ကို စစ်ဆေးသင့်ပါသည်။
နိဂုံးချုပ်အားဖြင့် မူဝါဒရေးဆွဲသူတာဝန်ရှိသူများသည် မိမိတို့ရေးသားရမည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၏ အနှစ်သာရနှင့် ရည်ရွယ်ချက်ဆိုင်ရာကိစ္စရပ်များကို ကြေညက်စွာ နားလည်သိရှိထားရန်လိုအပ်ပါသည်။ ထို့အပြင် အဖွဲ့အစည်းမှ လိုက်နာကျင့်သုံးရသည့် ဥပဒေမူဘောင်များကိုလည်း နှံ့စပ်စွာသိရှိရန်၊ မိမိတာဝန်ယူရသည့် အခန်းကဏ္ဍများအလိုက် သေချာစွာကျွမ်းကျင်မှုရှိ၍ ဗဟုသုတနှံ့စပ်ရန်လည်း ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ မူဝါဒရေးဆွဲခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက် မရှင်းလင်းသော၊ မကွဲပြားသော အချက်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများ သို့မဟုတ် အဖွဲ့အစည်းသို့ ပြန်လည်မေးမြန်းခြင်းနှင့် အကြီးအကဲများ၏ လမ်းညွှန်ချက်များကို ခံယူ၍ မူဝါဒရေးဆွဲခြင်းကို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းလျက် နိဂုံးချုပ်အပ်ပါသည်။
ရည်ညွှန်းချက်
Legislative Drafting Guidance
ဥပဒေရေးဆွဲခြင်း အနုပညာ