ယနေ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများသည် ၎င်းတို့ဖောက်သည်များ၏ တောင်းဆိုချက်များ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများလိုက်နာမှုဆိုင်ရာ ဖိအားပေးချက်များ၊ ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များ၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် လုပ်ငန်းတန်ဖိုးမြှင့်တင်လိုမှုများ၊ ဝန်ထမ်းများ၏ ထိတွေ့ဆက်ဆံမှုများနှင့် ထိန်းသိမ်းထားနိုင်မှုများ၊ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုနှင့် လျော့ချနိုင်မှုများ၊ ရေရှည်အကျိုးအမြတ်ရရှိမှုများ စသည့်ရည်ရွယ်ချက်အမျိုးမျိုးအတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆီသို့ အသွင်ပြောင်းလဲရန် ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆီသို့ပြောင်းလဲရာ၌ နိုင်ငံတကာစံချိန်စံညွှန်းများအရ တာဝန်ယူမှုရှိသော လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှုများအပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် အလုပ်သမားစံချိန်စံညွှန်းများ၊ ဥပဒေများကို လိုက်နာသည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ချက်များမှ တစ်ခုအပါအဝင်ဖြစ်သော မတူကွဲပြားမှု၊ သာတူညီမျှရှိမှုနှင့် ပါဝင်မှုတို့ကို တွန်းအားပေးမြှင့်တင်ရန် ၎င်းနှင့်သက်ဆိုင်သော မူဝါဒရေးရာများကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။
မတူကွဲပြားမှုတွင် မသန်စွမ်းသူများပါဝင်စေမှု
မတူကွဲပြားမှုဟုဆိုရာ၌ လူမျိုးနှင့် တိုင်းရင်းသားဖြစ်မှုတို့အပေါ်ခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်တိမ်းညွတ်မှုတို့အပေါ်ခွဲခြားမှု၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ လူမှုစီးပွားဘဝအခြေအနေ၊ ကိုးကွယ်ရာ ဘာသာ တရားနှင့် သက်ဝင်ယုံကြည်မှု၊ ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှု၊ မိသားစုအခြေအနေနှင့် လက်ထပ်ထိမ်းမြားမှု၊ စစ်မှုတာဝန်ထမ်းဆောင်မှု နှင့် နိုင်ငံရေးယုံကြည်ချက်ဆိုင်ရာ ခံယူမှု စသည့်အခြေအနေတို့အပေါ်ခွဲခြားဆက်ဆံမှု မပြုစေရေးနှင့် အားလုံးပါဝင်သည့် လုပ်ငန်းခွင်ဖြစ်စေရေးတို့ကို ရှေးရှုလျက်မူဝါဒများ ချမှတ်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
သို့ရာတွင် မတူကွဲပြားမှုများ အားလုံးပါဝင်သည့် လုပ်ငန်းခွင်ဆိုသော်လည်း အဆိုပါအခန်းကဏ္ဍများအနက် မသန်စွမ်းမှုအပေါ်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခွဲခြားဆက်ဆံမှု၊ မသန်စွမ်းသူများအား အလုပ်အကိုင်ဖန်တီးပေးမှု၊ လုပ်ငန်းခွင်အတွင်း မသန်စွမ်းသူများနှင့် အဆင်ပြေသင့်လျော်သော ပတ်ဝန်းကျင်ဖြစ်စေရန် ညှိနှုိင်း စီစဉ်ဆောင်ရွက်ပေးသည့် စီးပွားရေးအဖွဲ့အစည်းများသည် လွန်စွာပမာဏနည်းသည်ကို တွေ့ရှိရပါသည်။ အမှန်တကယ်အားဖြင့်မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းသည် ကောင်းမွန်သော စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်တစ်ခုဖြစ်ပြီး ထိုသို့အလုပ်ခန့်ထားခြင်းကြောင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကိုလည်း ရရှိစေနိုင်ပါသည်။ လွတ်လပ်သောလေ့လာမှုများအရ မသန်စွမ်းသူများကို အလုပ်ခန့်ထားသည့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၏ အမှတ်တံဆိပ်နှင့် ဂုဏ်သတင်းမှာ ၎င်းတို့၏ ဝန်ထမ်းများ၊ အဖွဲ့အစည်း၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနေသည့်သူများနှင့် လူမှုအသိုက်အဝန်းတွင် တိုးတက်ကောင်းမွန်မှုရှိသည်ကိုတွေ့ရပါသည်။
စီးပွားရေးအဖွဲ့အစည်းများတွင် မသန်စွမ်းဝန်ထမ်းများ ပါဝင်မှုကို ဖန်တီးခြင်းသည် ဥပဒေများလိုက်နာရမှု၊ စီးပွားရေးအကျိုးအမြတ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ယဥ်ကျေးမှုဖော်ဆောင်မှု၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် အမှတ်တံဆိပ် တန်ဖိုးမြင့်မားမှု၊ လူ့အခွင့်အရေးနှင့် သာတူညီမျှရှိမှုတို့အပြင် ပိုမိုကျယ်ပြန့်သော ပန်းတိုင်များရရှိစေရေးတို့ကို ပံ့ပိုးပေးပါသည်။
မသန်စွမ်းသူများနှင့်ပတ်သက်၍ တရားရေးမူဘောင်
မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူများတိုင်း လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ညီမျှစွာ အပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မွေးရာပါမသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကိုပိုမိုလေးစားမှုရှိစေရန်အတွက်ရည်ရွယ်၍ ပြဋ္ဌာန်းထားသော ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက် (United Nations Convention on the Right of Person with Disabilities) သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်နှင့်အညီ မသန်စွမ်းသူများရသင့်ရထိုက်သော အခွင့်အရေးများအကြောင်းကို ဖော်ပြထားသော ကုလသမဂ္ဂပြဋ္ဌာန်းချက်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂပြဋ္ဌာန်းချက်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ကောင်းကျိုးစီးပွားရရှိမှုနှင့် လူ့အဖွဲ့အစည်းတွင် လူတန်းစေ့ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် တရားရေးမူဘောင်ဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေ၏ အခန်း (၁၀) တွင် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအား ထည့်သွင်းဖော်ပြထားပြီး အလုပ်ရှင်များလိုက်နာကျင့်သုံးရမည့် စည်းမျဉ်း စည်းကမ်းများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အဆိုပါဥပဒေအရ ကုမ္ပဏီများသည် ဝေပုံကျနှုန်းထားတစ်ခုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီမှ သတ်မှတ်ထားသော မသန်စွမ်းသူများအား အလုပ်ခန့်ထားရန် လိုအပ်ချက်တစ်ခုအဖြစ် ဖော်ပြထားပါသည်။ မသန်စွမ်းသူများအား အလုပ်ခန့်အပ်ရန် ဝေပုံကျနှုန်းထားအား တရားဝင် မသတ်မှတ်ရသေးပေ။
အလုပ်ခွင်တွင် မသန်စွမ်းသူများ ပါဝင်မှုကိုမြှင့်တင်ခြင်း
လုပ်ငန်းအဖွဲ့အစည်းများမှ မူဝါဒရေးဆွဲခြင်း၊ စီမံချက်များချမှတ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်ရာ၌ မတူကွဲပြားမှု၊ သာတူညီမျှရှိမှုနှင့် ပါဝင်မှုတို့တွင် မသန်စွမ်းသူများ အလုပ်ခန့်ထားရေးနှင့် ပါဝင်စေရေးတို့ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တရားရေးမူဘောင်ဖြစ်သည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်းများနှင့် လမ်းညွှန်ချက် လုပ်ထုံးလုပ်နည်းများကို သိရှိမှု၊ မသန်စွမ်းသူများပါ အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အောင် လုပ်ဆောင်မည်ဟု အကြီးတန်းအုပ်ချုပ်မှုခေါင်းဆောင်များမှ ကတိကဝတ်ရရှိမှု၊ မသန်စွမ်းမှုအမျိုးအစားများကို ခွဲခြားသိမြင်မှုနှင့် ချဉ်းကပ်မှု၊ မသန်စွမ်းသူများနှင့် သက်ဆိုင်သည့် အကြောင်းအရာ လိုအပ်ချက်များကို အဖွဲ့အစည်း၏ မူဝါဒများ လုပ်ထုံးလုပ်နည်းများတွင် ပြင်ဆင်မှု၊ မသန်စွမ်း အဖွဲ့အစည်းများနှင့်အတူ အဆင်ပြေသင့်လျော်သော အလုပ်ခွင်ပတ်ဝန်းကျင်ဖြစ်စေရန် ညှိနှုိင်းစီစဉ်ဆောင်ရွက်မှုများသည် အရေးကြီးသောအခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိပါသည်။
ထို့အပြင် မသန်စွမ်းသူများကို အောင်မြင်စွာအလုပ်ခန့်ထားရန်အတွက် အစီအစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ အလုပ်ခေါ်ယူခြင်း၊ အလုပ်မြဲအောင်ပြုလုပ်ခြင်းတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် ဟန်ချက်ညီလုပ်ဆောင်ခြင်း၊ မသန်စွမ်းသူများ အကျုံးဝင်သည့် အလုပ်အကိုင်ဖြစ်/ မဖြစ် ဆန်းစစ်ခြင်း၊ မသန်စွမ်းသူများ ဦးဆောင်သော သို့မဟုတ် မသန်စွမ်းသူများနှင့် အတူလုပ်ဆောင်နေသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအကြား ကွန်ယက်များတည်ဆောက်ထား၍ ခိုင်မာကောင်းမွန်သော ဆက်ဆံရေး ထူထောင်ခြင်းတို့သည် မသန်စွမ်းသူများ ပါဝင်သော မတူကွဲပြားမှု၊ သာတူညီမျှရှိမှု နှင့် အားလုံးပါဝင်သည့် လုပ်ငန်းခွင် ယဉ်ကျေးမှုကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များဖြစ်ပါသည်။
မတူကွဲပြားမှုများအားလုံးပါဝင်သည့် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်ဖန်တီးခြင်းအတွက် လုပ်ငန်း ခွင်အတွင်း မသန်စွမ်းသူများပါဝင်မှုကို မြှင့်တင်ရာ၌ အဓိကကျသော ကဏ္ဍအများအပြားကို ကိုင်တွယ်ဖြေရှင်းရာတွင် စိတ်နေသဘောထားများ (Attitudes)၊ သေချာစေမှု (Ensure) ၊ ရုပ်ပိုင်းဆိုင်ရာ (Physical) ၊ တည်တံ့မှု (Sustain) တို့ကို သေချာစွာသဘောပေါက်နားလည်၍ ချဉ်းကပ်ဆောင်ရွက်မှုသည်လည်း အရေးပါလှပါသည်။ စိတ်နေသဘောထားများ (Attitudes) ပိုင်းတွင် လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်၍ အပြန်အလှန်ယဉ်ကျေးမှုရှိသော လုပ်ငန်းခွင်ဖြစ်စေရေးအတွက် အသိပညာပေးမှုများပြုလုပ်ခြင်း၊ လုပ်ငန်းခွင်အတွင်း အားလုံးပါဝင်နိုင်မှုနှင့် မတူကွဲပြားသည့် တန်ဖိုးများကို လေးစားလိုက်နာကျင့်သုံးခြင်း၊ မသန်စွမ်းသူများအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ဆောင်ခြင်း၊ မသန်စွမ်းမှုရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ဆက်ဆံရေးတည်ဆောက်ရာတွင် ကောင်းမွန်သောပြောဆိုဆက်ဆံမှုနှင့် ပြုမူမှုများ ဖြစ်စေရေးအတွက် တွန်းအားပေးခြင်း၊ အဖွဲ့အစည်းခေါင်းဆောင်များသည် မတူကွဲပြားမှုနှင့် ပါဝင်မှုကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချမှတ်၍ အားလုံးပါဝင်နိုင်သည့်အမူအကျင့်ကောင်းများကို ဆောင်ရွက်လျက် မသန်စွမ်းမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးခြင်းတို့ပါဝင်ပါသည်။
သေချာစေမှု (Ensure) ဟုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လက်လှမ်းမီအသုံးပြုနိုင်မှုဟူ၍ ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အသုံးပြုနိုင်မှုသေချာစေခြင်းတွင် မသန်စွမ်းဝန်ထမ်းများ (ဥပမာ - ချည်းကပ်လမ်းများ၊ ဓာတ်လှေကား၊ သန့်စင်ခန်းများ၊ အတက်အဆင်းလှေကားများ) တို့ကို အသုံးပြုနိုင်စေရန်အတွက် အလုပ်နေရာများကို ပြင်ဆင်ခြင်း၊ ဝန်ထမ်းများအားလုံးသည် အများစုအသုံးပြုသည့် ဘုံဧရိယာနေရာများနှင့် အဆောက်အဦးများကို သွားလာနိုင်ကြောင်း သေချာစေရန် စီစဉ်ဆောင်ရွက်မှုတို့ ပါဝင်ပါသည်။ ဒီဂျစ်တယ်ပိုင်းတွင် ဒီဂျစ်တယ်ကိရိယာများ၊ ပလပ်ဖောင်းများ (ဥပမာ - ဝဘ်ဆိုဒ်များ၊ ဆော့ဖ်ဝဲများ၊ ဆက်သွယ်ရေးကိရိယာများ) တို့ကို မသန်စွမ်းသူများရရှိအသုံးပြုနိုင်အောင် သေချာစေမှု နှင့် Screen Reader, Voice Recognition တို့ကဲ့သို့သော နည်းပညာအထောက်အကူများအသုံးပြုနိုင်ရန် ထောက်ပံ့စီစဉ်ပေးမှုတို့သည် မသန်စွမ်းသူများလက်လှမ်း မီအသုံးပြုနိုင်မှုရှိစေရန်အတွက် သေချာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများဖြစ်ပါသည်။
ရုပ်ပိုင်းဆိုင်ရာ (Physical) အခန်းကဏ္ဍတွင် အဖွဲ့အစည်းမှပေးအပ်ထားသော ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မသန်စွမ်းသူများအတွက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးထားခြင်း၊ မသန်စွမ်းသူများအတွက် သင့်တင့်လျှောက်ပတ်သော နေရာထိုင်ခင်းနှင့် လွယ်ကူစွာလက်လှမ်းမီရယူအသုံးပြုနိုင်ရန် အစီအမံများထားရှိခြင်း၊ ၎င်းတို့အနေဖြင့် လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေဖြစ်လာစေရန် ပံ့ပိုးပေးထားခြင်း၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရေးပေါ်အစီအမံများဆောင်ရွက်မှုတွင် မသန်စွမ်းသူများအပါအဝင် လူတိုင်းအတွက် ရရှိနိုင်စေရန် စီမံထားခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ နေရာထိုင်ခင်းအပါအဝင် အခြားသော လိုအပ်ချက်များ ပံ့ပိုးဆောင်ရွက်မှုတို့သည် မသန်စွမ်းဝန်ထမ်းများအတွက် သင့်လျော်ကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်စေရေးတွင် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများဖြစ်ပါသည်။
မသန်စွမ်းဝန်ထမ်းများအပါဝင် အားလုံးပါဝင်သည့်လုပ်ငန်းခွင်ဖော်ဆောင်မှုအတွက် ကြိုးပမ်းမှုများ တည်တံ့မှု (Sustain) သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။ ထိုသို့ မသန်စွမ်းသူများအတွက် ကြိုးပမ်းမှုများ ရေရှည်တည်တံ့စေရန်အတွက် မသန်စွမ်းသူများကို ပံ့ပိုးပေးသည့် မူဝါဒများကို ရေးဆွဲအကောင် အထည်ဖော်ခြင်း၊ ပြောင်းလဲနေသော လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ဤမူဝါဒများကို ပုံမှန်ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ဝန်ထမ်းများအားလုံးအတွက် စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများဖော်ဆောင်ခြင်း၊ မသန်စွမ်းသူများ၏ အကျိုးစီးပွားများအတွက် စည်းရုံးလှုံ့ဆော်ခြင်း၊ လုပ်ပိုင်ခွင့်များပေးအပ်ထားခြင်း၊ မသန်စွမ်းဝန်ထမ်းများ ပါဝင်သည့် ဆွေးနွေးမျှဝေမှုအစီအစဉ်များအား ပံ့ပိုးအားပေးခြင်း၊ မသန်စွမ်းဝန်ထမ်းများထံမှ အကြံပြုချက်များရရှိရန်အတွက် ဆက်သွယ်မှုယန္တရားများ ထူထောင်ခြင်း၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစီမံချက်များတွင် ဤအကြံပြုချက်များကို အသုံးပြုခြင်းတို့သည် အလုပ်ခွင်တွင် မသန်စွမ်းသူများပါဝင်မှုကိုမြှင့်တင်ခြင်းကို တည်တံ့မှုရှိစေရန် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် စီးပွားရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်ဖော်ဆောင်ခြင်း၊ အလုပ်ခွင်တွင် မသန်စွမ်းသူများအပါအဝင် မတူကွဲပြားမှု၊ သာတူညီမျှရှိမှုနှင့် ပါဝင်မှုတို့ကို ဖော်ဆောင်ခြင်းတို့သည် ၎င်းအဖွဲ့အစည်းများအတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များနှင့် အခြားသော ရည်မှန်းချက်ပန်းတိုင်များကို ရရှိစေရန် ပံ့ပိုးပေးနိုင်ခြင်းတို့ကို ရရှိစေမှုအပြင် အခြားတစ်ဖက်တွင်လည်း မသန်စွမ်းသူများမှ ၎င်းတို့၏ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို လူမှုပတ်ဝန်းကျင်မှ အသိအမှတ်ပြု၍ နယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်းတူ လူမှုအဖွဲ့အစည်းများတွင် ပေါင်းစပ်ပါဝင်နိုင်ရန် အခွင့်အရေးများကို မြှင့်တင်ခြင်းအပါအဝင် အခြားသော အကျိုးဖြစ်ထွန်းစေမှုများ ရရှိစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ မသန်စွမ်းသူများအပါအဝင် မတူကွဲပြားမှုများအားလုံးပါဝင်သည့် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်ဖန်တီးမှုကို စီးပွားရေးလုပ်ငန်းအသီးသီးမှ ဆောင်ရွက်နိုင်ရန်ဤဆောင်းပါးမှတစ်ဆင့် တိုက်တွန်းနှိုးဆော်မှုပြုအပ်ပါသည်။
ရည်ညွှန်းချက်
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀)
မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် လက်စွဲစာအုပ်
https://moswrr.gov.mm/news/department-rehabilitation/details/b9d93b50-7f66-4274-b9dd-516565734998
https://www.weforum.org/agenda/2023/12/driving-disability-inclusion-is-more-than-a-moral-imperative-it-s-a-business-one/