Skip to Content

လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးနဲ့ ကော်မတီဖွဲ့စည်းခြင်းကိစ္စရပ်မှာ ဘာတွေ ဘယ်လို စလုပ်ကြမလဲ။

မောင်သစ္စာ (ဟံသာဝတီ)

စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုတာဝန်ရှိသူတွေအနေနဲ့ ကိုယ့်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းရဲ့ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှု ရဖို့၊ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ ကောင်းမွန်စေဖို့၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့တို့ အတွက် Compliance Management ကို စီမံဆောင်ရွက်သင့်ပါတယ်။

ဒီလိုကိစ္စတွေကို ဆောင်ရွက်ဖို့ဆိုရင် တော်တော်များများက ကုန်ကျစရိတ်တွေ ပိုကုန်ကျမှာ၊ လုပ်ငန်းဆောင်ရွက်ရမှာတွေ လိုအပ်ချက်ကြီးကြီးနဲ့ ခက်ခဲမှုကြီးကြီးတွေရှိလိမ့်မယ်လို့ယူဆထားကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း အများစုက လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းဆောင်တာတွေကို စီမံဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ အလှမ်းဝေးသွားပြီး လိုက်နာကျင့်သုံးမှုကိစ္စနဲ့ ပတ်သက်တဲ့ ဆုံးရှုံးနိုင်ချေရှိမှုတွေ ၊ လိုအပ်တဲ့ အစီအမံတွေကို ချမှတ်လုပ်ဆောင်ခဲ့ဖို့ လိုအပ်ချက်များ ရှိတာကြောင့် တကယ့်တကယ်တန်း လိုက်နာဆောင်ရွက်မှုကိစ္စရပ်နဲ့စပ်လျဉ်းတဲ့ ကိစ္စတွေ ကြုံလာတဲ့အခါ မလိုလားအပ်တဲ့ ဆုံးရှုံးထိခိုက်မှုတွေ ကြုံခဲ့ကြရတဲ့ ဖြစ်ရပ်တွေက ရှိနေပါတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲသူတွေ အနေနဲ့ ကိုယ့်လုပ်ငန်းမှာ ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းကိစ္စရပ်တွေကို ဦးစီးပြီး ဆောင်ရွက်နိုင်မယ့် အစီအစဉ် နည်းလမ်းတွေ၊ ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်တဲ့ ကော်မတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတွေနဲ့စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ဤဆောင်းပါးမှတဆင့် လမ်းညွှန်ဖော်ပြအပ်ပါတယ်။


ပထမဦးဆုံးအနေနဲ့ လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းကိစ္စရပ်တွေကို စတင်အသက်သွင်းရာမှာ လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေကို အောက်ဖော်ပြပါ အဆင့်များအလိုက် စီမံဆောင်ရွက်နိုင်ပါတယ်။

Formation of Compliance Management Committee

သက်ဆိုင်ရာ ကဏ္ဍအစုံ ဌာနအစုံမှ စီမံခန့်ခွဲမှုတာဝန်ရှိသူများနှင့် Compliance Management ဆိုင်ရာ လုပ်ငန်းညှိနှုိင်းရေးကော်မတီကို စတင်ဖွဲ့စည်းပါ။

Designate a compliance officer

ထို့နောက် Compliance Management ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဦးစီးဦးဆောင်ရွက်မည့် Compliance Officer ကို သင့်တော်သူအား ခန့်အပ်တာဝန်ပေးပါ။ (လုပ်ငန်းများအနေဖြင့် Compliance Officer ရာထူးအတွက် သတ်မှတ်ခန့်အပ်နိုင်ခြင်းမရှိပါက လုပ်ငန်းခွင်အတွင်းမှ သင့်တော်သည့် ဝန်ထမ်းတစ်ဦးဦးကို ၎င်း၏ ဆန္ဒအားရယူ၍ မူလတာဝန်ဝတ္တရားများအပြင် Compliance Officer လုပ်ငန်းတာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ရန် တာဝန်ခွဲဝေ ပေးအပ်၍ CO အဖြစ်သတ်မှတ်ခန့်အပ်သင့်ပါသည်။)

Identify applicable laws and regulations

မိမိတို့လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့့်၊ ညွှန်ကြားချက် တွေကို စာရင်းပြုစုပြီး လိုအပ်တဲ့အချိန် ပြန်လည်ကိုးကားနိုင်အောင် သေသေချာချာ စုစည်း၍ စနစ်တကျထားရှိပါ။ အဆိုပါ စာအုပ်၊ စာရွက်စာတမ်း၊ အချက်အလက်များကို လိုအပ်ပါက ဌာနဆိုင်ရာ တာဝန်ရှိသူများ လွယ်လင့်တကူ ရည်ညွှန်းကိုးကားနိုင်ရန် စီမံဆောင်ရွက်ထားသင့်ပါသည်။ (ဥပမာ စနစ်တကျ ဖိုင်တွဲ၍ သိမ်းဆည်းခြင်း၊ စာအုပ်များကို စာအုပ်စင်၊ ဘီရိုများဖြင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် သပ်သပ်ရပ်ရပ်ထားရှိခြင်း နဲ့ Soft Copy File များကို အကြောင်းအရာအလိုက် Folder အလိုက်ခွဲ၍ သိမ်းဆည်းတာမျိုး ပြုလုပ်ထားပါ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လွယ်လင့်တကူ လေ့လာကိုးကားနိုင်ဖို့ လိုအပ်တဲ့ Access တွေကိုပေးထားပါ)

Conduct a risk assessment

Compliance Management Committee တွင် ပါဝင်သူများမှ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဆုံးရှုံးထိခိုက်နိုင်ချေရှိမှုများကို လေ့လာဆန်းစစ်ပါ။ (ဥပမာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ၊ အခွန်ကိစ္စရပ်များ၊ မိမိတို့လုပ်ဆောင်သည့် လုပ်ငန်းအမျိုးအစားအလိုက်ပြဌာန်းထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများပါ လိုက်နာရမှုနှင့် လုပ်ဆောင်သင့်သည်များ၊ ခွင့်ပြုမိန့်ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့်ပတ်သက်သည်များ၊ သတင်းအချက်အလက်လုံခြုံရေးနှင့် ပေါက်ကြားမှုများမဖြစ်ပွားစေရန် ထိန်းသိမ်းရမည့်ကိစ္စရပ်များ စသည်)

Develop policies and procedures

လိုက်နာဆောင်ရွက်မှုနှင့် ပတ်သက်သည့် မူဝါဒများ လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ပြဌာန်းပါ။ အဆိုပါမူဝါဒနှင့် ပတ်သက်သည်များကိုလည်း ဝန်ထမ်းများအားလုံးရှင်းရှင်းလင်းလင်း သိရှိအောင် ဆောင်ရွက်ထားပါ။

Implement the policies and monitoring process

ပြဌာန်းထားသည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး လိုက်နာဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကို ထိန်းသိမ်းစောင့်ကြည့်ပါ။ (ဥပမာ Internal Audit ပြုလုပ်ခြင်း၊ ဝန်ထမ်းများအား အသိပညာပေးခြင်း၊ ချမှတ်ထားသည့် မူဝါဒနှင့်ဆန့်ကျင်သည့် ကိစ္စရပ်များ၊ လိုက်နာမှုကို ချိုးဖောက်နိုင်ချေရှိသော ကိစ္စရပ်များ စသည်တို့ကို သတင်းပေးမှုပြုလုပ်နိုင်ရန် လိုအပ်သော သတင်းပေးမှုဆိုင်ရာ နည်းလမ်းများ သတ်မှတ်ပြဌာန်းခြင်း စသည်တို့ကို ပြုလုပ်ပါ)

Respond to non-compliance

လိုက်နာဆောင်ရွက်မှုမရှိသဖြင့် ဆုံးရှုံးနိုင်ချေရှိသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ အကြောင်းအရာများကို ပြင်ဆင်ခြင်း၊ လိုက်နာဆောင်ရွက်မှုအစီအမံများပြုလုပ်ခြင်း နှင့် ဆုံးရှုံးမှုကို ကုစားနိုင်ချေများ ချမှတ်ခြင်း၊ မူဝါဒပါ ပြဌာန်းချက်များကိုချိုးဖောက်သည့် ပြုလုပ်မှုများကို အရေးယူဆောင်ရွက်သည့် ကိစ္စရပ်များကို ပြုလုပ်ခြင်း အစရှိသည့် လိုအပ်သည်များကို ဆောင်ရွက်ပါ။

Review and update the program

လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးအစီအမံကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းနှင့်သက်ဆိုင်၍ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြှင့်စေနိုင်မည့် ကိစ္စရပ်များကို အထောက်အပံ့ဖြစ်စေရန်လိုအပ်သည့် လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ပုံမှန် Update ပြုလုပ်ပါ။ (အကြံပြုအပ်သည်မှာ မိမိတို့လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် လစဉ် လုပ်ငန်းညှိနှုိင်းအစည်းအဝေးပြုလုပ်ပြီးပါက Compliance Management ကော်မတီအစည်းအဝေးကို ဆက်လက်ပြုလုပ်သင့်ပြီး အဆိုပါအစည်းအဝေးတွင် လိုက်နာဆောင်ရွက်မှုအခြေအနေများကို တင်ပြခြင်း၊ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။)

ထို့နောက် လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းကိစ္စရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီကို ဖွဲ့စည်းခြင်းနဲ့ပတ်သက်ပြီး လမ်းညွှန်ရလျှင် ကော်မတီကို ဖွဲ့စည်းရာမှာ မဖြစ်မနေ အောက်ပါအချက်များပါဝင်အောင် ရေးဆွဲပြီး ဖွဲ့စည်းသင့်ပါတယ်၊

လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် မဖြစ်မနေပါဝင်သင့်သောအကြောင်းအရာများ

  • ကော်မတီ၏ ရည်ရွယ်ချက်များကို သတ်မှတ်ခြင်း
  • ကော်မတီဖွဲ့စည်းပုံချမှတ်ခြင်း၊ အဖွဲ့ဝင်များ သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်း
  • ကော်မတီမှ ဆောင်ရွက်မည့်နယ်ပယ်များသတ်မှတ်ခြင်း
  • ကော်မတီ၏ တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း
  • အစည်းအဝေးကျင်းပမည့်နည်းလမ်းများနှင့် အချိန်ဇယားများ၊ ကျင်းပမည့်ပုံစံများကို သတ်မှတ်ခြင်း
  • လိုက်နာဆောင်ရွက်မှုများကိုဆောင်ရွက်ရန် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်ရန် ရည်ညွှန်းချက်များချမှတ်ခြင်း
  • လိုက်နာဆောင်ရွက်ခြင်း၏ လုပ်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို စောင့်ကြည့်မည့် နည်းလမ်းများ ချမှတ်ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လမ်းကြောင်းများချမှတ်ခြင်း
  • အကြီးတန်းစီမံခန့်ခွဲမှု ဘုတ်အဖွဲ့သို့ အစီအရင်ခံတင်ပြခြင်း နှင့် အထောက်အကူပြုမည့်ရုံး သို့မဟုတ် တာဝန်ခံများကို သတ်မှတ်ခြင်း တို့ဖြစ်ပါတယ်။

အထက်ဖော်ပြပါလုပ်ငန်းစဉ်အဆင့်ဆင့်များကတော့ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ မိမိတို့ကိုယ်တိုင်လုပ်ဆောင်နိုင်သော Compliance Management ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြစ်ပါတယ်။ လိုက်နာကျင့်သုံးမှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေကို ကော်မတီဖွဲ့စည်းသတ်မှတ်ထားပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းက မိတို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့အထောက်အကူဖြစ်စေမှာဖြစ်သလို ထိုမှတဆင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးလုပ်ငန်းများအဖြစ် ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။


Sales & Customer Support October 21, 2023
Share this post
Tags
Sign in to leave a comment