ကော်လာဖြူရာဇဝတ်မှု (White Collar Crime) တနည်းဆိုသော် ဉာဏပညာရှင်များ၏ ရာဇဝတ်မှုဟူသည် ရုံးပိုင်းဆိုင်ရာဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းအသီးသီးတွင် ရှိနေသော အခြားအသက်မွေးဝမ်းကျောင်းပညာရှင်အသိုင်းအဝိုင်းများမှ ကျူးလွန်သော ပုံမှန်အားဖြင့် အကြမ်းမဖက်သည့် ရာဇဝတ်မှုဖြစ်သည်။
ဤရာဇဝတ်မှုများသည် ကုမ္ပဏီအဖွဲ့အစည်းကို ပျက်စီးစေနိုင်ခြင်း၊ ဆက်သွယ်ဆောင်ရွက်သူများ၏ ယုံကြည်မှုကို ပျက်ပြားခြင်း၊ စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပွားစေနိုင်ခြင်း၊ တရားဥပဒေကြောင်းဆိုင်ရာ ကုန်ကျစရိတ်များနှင့် ဂုဏ်သိက္ခာထိခိုက်စေနိုင်ခြင်း၊ အလွဲသုံးစားမှုများကြောင့် ဘဏ္ဍာရေးဆိုင်ရာများ ဆုံးရှုံးခြင်း၊ အဖွဲ့အစည်းများသို့ အများပြည်သူလူထု၏ ယုံကြည်မှုကို လျှော့နည်းကျဆင်းစေမှုကိုဖြစ်စေခြင်း စသည်ဖြင့် ကြီးမားသောသက်ရောက်မှုများအထိ ဖြစ်ပွားစေနိုင်ပါသည်။
ကော်လာဖြူရာ ရာဇဝတ်မှုသည် ဖြစ်ပွားပါက အများအားဖြင့် သိမ်မွေ့၍ အလွန်ရှုပ်ထွေးသော စာရင်းဇယားပြဿနာဆိုင်ရာများဖြေရှင်းရခြင်း၊ ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရခြင်း၊ ပြစ်မှုကျူးလွန်သူ ပညာရှင်၏ ပါးနပ်လိမ်မာမှုနှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ ၎င်းကျူးလွန်သည့် မှုခင်းအခြေအနေရှုပ်ထွေးမှုကြောင့် ဖြေရှင်းချိန်ကြာမြင့်ခြင်းစသည့် အခြေအနေများကြောင့် ဤရာဇဝတ်မှုအား အဖွဲ့အစည်းများတွင် ဖြစ်ပွားပါက ဘဏ္ဍာရေးဆိုင်ရာထိခိုက်မှုအပြင်၊ လုပ်ငန်းအဆင်ပြေချောမွေ့စွာလည်ပတ်မှုကို များစွာအနှောင့်အယှက်ပြု၍ လုပ်ငန်းဆောင်တာများနှောင့်နှေးခြင်း၊ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေကြသည့် အခြားဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများကိုလည်း ထိခိုက်စေနိုင်ပါသည်။
ကော်လာဖြူရာဇဝတ်မှု အမျိုးအစားများ
ဤရာဇဝတ်မှုအမျိုးအစားသည် ကျယ်ပြန့်သောကျူးလွန်မှုပုံစံအမျိုးမျိုးဖြင့် တည်ရှိနေပြီး အများအားဖြင့်အောက်ဖော်ပြပါ ပြစ်မှုအမျိုးအစားများ ပါဝင်ပါသည်။
(က) လိမ်လည်မှု (Fraud)
(ခ) ငွေကြေးခဝါချမှု နှင့် အခွန်ရှောင်တိမ်းမှု (Money Laundering & Tax Evasion)
(ဂ) ဉာဏပစ္စည်းခိုးယူမှု (Intellectual Property Theft)
(ဃ) အလွဲသုံးစားပြုလုပ်မှု (Embezzlement)
(င) အထောက်အထားခိုးယူမှုနှင့် အခြားဆိုက်ဘာရာဇဝတ်မှုများ (Identity Theft and other Cyber Crimes)
(စ) ကော်ပိုရိတ် သူလျှိုလုပ်မှု (Corporate Espionage)
(ဆ) သတင်းအချက်အလက်ကိုဦးစွာသိရှိသူက တရားမဝင်အကျိုးအမြတ်ရယူမှု (Insider Trading) စသည့် ပြစ်မှုများ ပါဝင်ပါသည်။
ဆက်လက်၍ ကော်လာဖြူရာဇဝတ်မှုကျူးလွန်သည့် အမျိုးအစားကိုလေ့လာရာတွင် သာမာန်အားဖြင့် တစ်သီးပုဂ္ဂလ ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်းမှ ပြစ်မှုကျူးလွန်ခြင်းဟူ၍ တွေ့ရှိရပါသည်။ ဥပမာအားဖြင့် မိမိ၏ အကျိုးစီးပွားအတွက် အဖွဲ့အစည်း၏ ငွေကြေးများကို လိမ်လည်ရယူခြင်း၊ အလွဲသုံးစားပြုခြင်းတို့ကို တစ်သီးပုဂ္ဂလဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခြင်းဟုရှုမြင်နိုင်၍ ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုများသည် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်းကို အသုံးချလျက် ပြစ်မှုကျူးလွန်ခြင်း အသွင်ကိုဆောင်သော ရာဇဝတ်မှုကျူးလွန်သည့် သဏ္ဌန်များပင်ဖြစ်ပါသည်။
ကော်လာဖြူရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ တရားရေးမူဘောင်နှင့် ပြစ်ဒဏ်များ
မြန်မာနိုင်ငံတွင်တည်ဆဲတရားဥပဒေများအရ ကော်လာဖြူရာဇဝတ်မှုများနှင့်ဆက်စပ်၍
- ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနှင့် အလွဲသုံးစားမှုများဆိုင်ရာ ပြဋ္ဌာန်းချက်များ၊
- ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊
- မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊
- အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊
- ယှဉ်ပြိုင်မှုဥပဒေ၊
- မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ စသည်ဖြင့်သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဥပဒေများပြဋ္ဌာန်းထားသည့်အပြင်
- ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေနှင့်အသက်မွေးဝမ်းကျောင်းပြုသူများလိုက်နာဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုတိုက်ဖျက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူအပေါ်အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
- အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်းအခွန်ဆိုင်ရာသတင်းအချက်အလက်များ လွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ လိုက်နာကျင့်သုံးရန်သတ်မှတ်ခြင်း ကဲ့သို့သောအများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းတို့ကိုလည်းတွေ့ရှိရပါသည်။
ကော်လာဖြူရာဇဝတ်မှုများအတွက် တရားဥပဒေအရ ပြစ်ဒဏ်များတွင် သက်ဆိုင်ရာပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပါက ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းထားပါသည်။
ကာကွယ်တားဆီးရေးအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ကော်လာဖြူရာဇဝတ်မှုအန္တရာယ်ကို လျှော့ချရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် ခိုင်မာသော လုပ်ငန်းတွင်းပိုင်းထိန်းချုပ်မှုအစီအမံများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ဝန်ထမ်းများအား ကိုယ်ကျင့်တရားအရဖြောင့်မတ်တည်ကြည်မှု "ရိုးဖြောင့်မှု ဂုဏ်သိက္ခာ" အားကောင်းလာအောင် တည်ဆောက်ရေး၊ သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် တာဝန်ထမ်းဆောင်ရသည့် လုပ်ငန်းဆိုင်ရာ လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်များ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ၊ လိုက်နာကျင့်သုံးမှုအလေ့အကျင့်များကို အသိပညာပေးခြင်းနှင့် ပုံမှန်လေ့ကျင့် သင်တန်းပေးမှုများဆောင်ရွက်ပေးခြင်းတို့သည် ကော်လာဖြူရာဇဝတ်မှုများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့် အလေ့အကျင့်ကောင်းများဖြစ်ပါသည်။
လုပ်ငန်းတွင်းပိုင်းထိန်းချုပ်မှုအစီအမံများတွင်
- နည်းပညာများတိုးမြှင့်အသုံးပြု၍ စောင့်ကြည့်အကဲဖြတ်ခြင်း (ဥပမာ - ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရေး တို့တွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ သတ်မှတ်ထောက်ခံထားသည့် နည်းပညာများအသုံးပြု၍ စောင့်ကြည့်အကဲဖြတ်ခြင်း၊ သတင်းပို့ခြင်း၊ Business Intelligence Software များအသုံးပြုလျက် Data Analysis ပြုလုပ်အကဲဖြတ်ခြင်း၊ ပုံမှန်မဟုတ်သော ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို ရှာဖွေဖော်ထုတ်ခြင်း)၊
- ဥပဒေပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးမှုများအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် နောက်ဆုံးအခြေအနေအထိ သိရှိရန်ဆောင်ရွက်ခြင်း၊
- ဖွင့်ဟထုတ်ဖော်ခြင်းဆိုင်ရာမူဝါဒ (Whistle Blowing Policy) ချမှတ်ခြင်းနှင့်အတူ လုံခြုံစိတ်ရသည့် သတင်းပေးမှုစနစ်များထားရှိခြင်း၊
- ပွင့်လင်းမြင်သာ၍ ရှင်းလင်းမှုရှိသော လုပ်ငန်းဆောင်ရွက်မှုပုံစံ၊ ထိရောက်သောကြီးကြပ်ကွပ်ကဲခြင်း၊
- ပုံမှန်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခြင်းစနစ်ကဲ့သို့သော ခိုင်မာသောထိမ်းချုပ်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း တို့ပါဝင်ပါသည်။
နိဂုံးချုပ်အနေဖြင့် အဖွဲ့အစည်းတိုင်းသည် ကော်လာဖြူရာဇဝတ်မှုအန္တရာယ်ရှိနိုင်ချေရှိသည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်၍ ကာကွယ်တားဆီးရေးအစီအမံများဆောင်ရွက်ခြင်း၊ ဤရာဇဝတ်မှု၏ သဘောသဘာဝနှင့် ဆိုးကျိုးများကို သိရှိခြင်း၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆိုင်ရာကျင့်ဝတ်များနှင့် စီးပွားရေး သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ ကျင့်ဝတ်များကို ဝန်ထမ်းများအား အသိပညာပေးခြင်း၊ တင်းကြပ်သော ကြိုတင်ကာကွယ်မှုအစီအမံများဖြင့် အဖွဲ့အစည်း၏ ဆုံးရှုံးနိုင်ချေရှိမှုများကို ကာကွယ်ရန်အတွက် ကော်လာဖြူရာဇဝတ်မှု တနည်းအားဖြင့် ဉာဏပညာရှင်များ၏ ပြစ်မှုကျူးလွန်မှုကို သတိရှိရှိကာကွယ်ရန်မှာ အရေးကြီးပါကြောင်း အကြံပြုဖော်ပြအပ်ပါသည်။
ရည်ညွှန်းချက်
White-collar Crime by Dr. Samin Mortazavi, Pax Law Corporation
https://www.fbi.gov/investigate/white-collar-crime
https://corporatefinanceinstitute.com/resources/esg/white-collar-crime/
https://www.nealdavislaw.com/criminal-defense-guides/white-collar-crime-types/
https://www.tookitaki.com/glossary/white-collar-crime#:~:text=White%2Dcollar%20crime%20comprises%20non,%2C%20bribery%2C%20and%20identity%20theft.