Skip to Content

HR Compliance နှင့် ဆက်စပ်ဥပဒေပြဋ္ဌာန်းချက်များကို ထုတ်နုတ်လေ့လာခြင်း

မောင်သစ္စာ (ဟံသာဝတီ)

​ယနေ့ခေတ်တိုးတက်နေသော စီးပွားရေးအခင်းအကျင်းတွင် အဖွဲ့အစည်းများသည် ရေရှည်အောင်မြင်မှုကိုဖော်ဆောင်ရာ၌ လူ့စွမ်းအားအရင်းအမြစ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်မှု (HR Compliance) ကိုအရေးပါသော အခန်းကဏ္ဍအဖြစ် ရှုမြင်အသိအမှတ်ပြုလာကြပါသည်။ 

ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ တာဝန်ဝတ္တရားများကို ကျေပွန်ရန်ကိစ္စမဟုတ်တော့ဘဲ တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အကျင့်များ၏ အခြေခံကျသောကဏ္ဍတစ်ခုဖြစ်လာပါသည်။ 

​HR Professionals များအတွက် HR Compliance သည် ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ကျင့်ဝတ်သိက္ခာရှိရှိ လုပ်ငန်းလုပ်ဆောင်ရန်၊ ဝန်ထမ်းများ၏ အခွင့်အရေးကို ကာကွယ်ရန်၊ အဖွဲ့အစည်းနှင့် ၎င်း၏ဝန်ထမ်းအင်အားစုကို ထိခိုက်နိုင်သည့်အန္တရာယ်များလျော့ပါးစေကြောင်း သေချာစေရန် အဓိကဦးတည်၍ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးတွင် HR Compliance ပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ HRပညာရှင်များအာရုံစိုက်သင့်သည့် အဓိကနယ်ပယ်များနှင့် မြန်မာနိုင်ငံရှိတည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ဥပဒေပြဋ္ဌာန်းချက်များကို ကောက်နုတ်၍ လေ့လာတင်ပြထားပါသည်။

လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို သိမြင်ခြင်း

​ISO 37301:2021 – Compliance Management Systems အရ လိုက်နာဆောင်ရွက်မှုအား သက်ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သည့် လုပ်ဆောင်ချက်များတွင် အောက်ပါတို့ပါဝင်ပါသည် -

(က) ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များ (Legal Requirements)

(ခ) စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ (Regulatory Requirements)

(ဂ) စာချုပ်ပါဝတ္တရားများ (Contractual Obligations)

(ဃ) ဆန္ဒအလျောက်ကတိကဝတ်များ (Voluntary Commitments)

(င) အဖွဲ့အစည်းအတွင်းပိုင်းဆိုင်ရာ မူဝါဒများ (Internal Policies)

​ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များတွင် အစိုးရမှချမှတ်ပြဋ္ဌာန်းထားသော ဥပဒေများနှင့် စည်းမျဉ်းများပါဝင်ပါသည်။ ဥပမာအားဖြင့် HR Compliance ရှုထောင့်မှ ရှုမြင်ရသော်အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ ဥပဒေများအပါအဝင် အလုပ်သမားများနှင့်ပတ်သက်၍ ဆက်စပ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များအရ လိုက်နာဆောင်ရွက်မှုတွင် သီးခြားအဖွဲ့အစည်း သို့မဟုတ် လုပ်ငန်း၊ ကဏ္ဍများကို ကြီးကြပ်သည့်သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ နှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။ စာချုပ်ပါဝတ္တရားများအရ လိုက်နာဆောင်ရွက်ခြင်းတွင် အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းမှ ဖောက်သည်များ၊ ပေးသွင်းထောက်ပံ့သူများစသည့် အကျိုးစီးပွားသက်ဆိုင်သူများနှင့် ချုပ်ဆိုထားသည့် စာချုပ်များတွင် သဘောတူညီထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းတို့ ပါဝင်ပါသည်။ ဆန္ဒအလျောက်ကတိကဝတ်များတွင်မူ စံချိန်စံညွှန်းများ၊ ကျင့်ဝတ်ဆိုင်ရာကတိကဝတ်များ၊ ကျင့်ဝတ်များလိုက်နာမှုတို့အတွက် ဆောင်ရွက်ရသည့်လုပ်ငန်းဆောင်တာများ ပါဝင်ပါသည်။ ဥပမာအားဖြင့် ISO စံချိန်စံညွှန်းများကိုလိုက်နာခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာကျင့်ဝတ်များ သို့မဟုတ် ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု တာဝန်ခံမှုစံနှုန်းများကို လိုက်နာခြင်းတို့ဖြစ်ပါသည်။

အဖွဲ့အစည်းအတွင်းပိုင်းဆိုင်ရာ မူဝါဒများတွင် HR Compliance ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်နယ်ပယ်များမှာ 

  • ကျင့်ဝတ်နီတိများ (Code of Conducts)၊ 
  • HR လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာမူဝါဒများ နှင့် ဝန်ထမ်းလက်စွဲစာအုပ်ပါ ပြဋ္ဌာန်းချက်များ (Operational HR Policies and Employee Handbook)၊ 
  • မတူကွဲပြားမှုနှင့် ပါဝင်မှု (Diversity & Inclusion)၊ 
  • တူညီသောအလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ မူဝါဒ (Equal Employment Opportunities Policy)၊ 
  • ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများအပါအဝင် လေးစားမှုရှိသည့် လုပ်ငန်းခွင်များဆိုင်ရာ မူဝါဒများ (Respectful workplace policies, Including Discrimination and Sexual Harassment)၊ 
  • သတင်းပေးတိုင်ကြားမှုနှင့် မကျေနပ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ မူဝါဒများ (Whistleblowing and Grievance Handling Policies)၊ 
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒများ (Workplace Safety Policy) စသဖြင့် ပါဝင်ပါသည်။

HR Compliance ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ

​မြန်မာနိုင်ငံရှိတည်ဆဲဥပဒေများမှ အလုပ်သမားဥပဒေများအပြင် လုပ်ငန်းများအတွက်ချမှတ်ထားသော ဝန်ထမ်းရေးရာနှင့် လိုက်နာဆောင်ရွက်မှုကိစ္စရပ်များနှင့်စပ်လျဉ်းသည့်ဥပဒေ ပြဋ္ဌာန်းချက်များတွင် သိသာထင်ရှားသည့် ပြဋ္ဌာန်းချက်များကို ထုတ်နှုတ်တင်ပြရသော် -

၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၌ ကုမ္ပဏီကိုဖျက်သိမ်းသည့်ပြဋ္ဌာန်းချက်များတွင် အဆိုပါဥပဒေ၏ ပုဒ်မ ၃၉၁။ (က) တွင် အောက်ဖော်ပြပါအတိုင်းဖော်ပြထားပါသည်။

၃၉၁။ (က) ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ အခြားသောကြွေးမြီများထက် အောက်ပါတို့ကို ဦးစားပေး၍ ပေးချေမှုများပြုလုပ်ရမည် -

(၁) အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်တစ်ရပ်ရပ်သို့ ကုမ္ပဏီကပေးချေရမည့် ပုဒ်မခွဲ (င) တွင် ဖော်ပြထားသည့်နေ့ရက်၌ အဆိုပါနေ့ရက်မတိုင်မီ ၁၂ လအတွင်း ပေးချေရန်ကျရောက်သည့် ဘဏ္ဍာငွေများ၊ အခွန်များ၊ စည်းကြပ်ခွန်များ၊ အခွန်အခများအားလုံး၊

(၂) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ဆောင်ရွက် ပေးထားသည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် စာရေး သို့မဟုတ် ဝန်ထမ်းတစ်ဦးစီ၏ လုပ်အားခများ သို့မဟုတ် လစာများ အားလုံး၊

(၃) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ ဆောင်ရွက်ပေးထားသည့် ဝန်ဆောင် မှုများနှင့် စပ်လျဉ်းသည့် အချိန်ပိုင်းအရသော်လည်းကောင်း၊ လုပ်ငန်းပိုင်းအလိုက် သော်လည်းကောင်း ပေးချေရမည့် အလုပ်သမား သို့မဟုတ် ကာယလုပ်သားတစ်ဦးဦး၏ လုပ်ခ များအားလုံး၊

(၄) ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်း ဖြစ်ခြင်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား လျော်ကြေးအက်ဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ် ရပ် အရပေးချေရမည့် လျော်ကြေးငွေများ၊

(၅) ကုမ္ပဏီက ခန့်အပ်ထားသည့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးအတွက် အိုနာစာ ရန်ပုံငွေ၊ ပင်စင် ရန်ပုံငွေ၊ ဆုကြေးရန်ပုံငွေ၊ သို့မဟုတ် အခြားရန်ပုံငွေ တစ်ရပ်ရပ်မှ ဝန်ထမ်းတစ်ဦးဦးသို့ ပေးချေရ မည့် ငွေပမာဏများအားလုံး၊ ၎င်းအပြင်

(၆) ဤဥပဒေ၏ ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ရပ်ရပ်အတွက် ကုန်ကျစရိတ်များ။

၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၏ အခန်း (၁၃) အမှုထမ်းများနှင့် အလုပ်သမားများခန့်ထားခြင်း၊ အခန်း (၁၆) ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများတို့တွင်လည်း ဤသို့ပြဋ္ဌာန်းထားပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခန်း (၁၃) အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

၅၁။ ရင်းနှီးမြှုပ်နှံသူသည်-

(က) နိုင်ငံတော်အတွင်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းကိုက်ညီသည့် မည်သည့် နိုင်ငံသားကို မဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီ ခန့် အပ်နိုင်သည်။

(ခ) အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင် ရန်အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်၍ အစားထိုးခန့်ထား ရမည်။

(ဂ) ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

(ဃ) နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထား ရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

(င) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့် အရေးနှင့် တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာစည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြားအာမခံ ထားရှိခြင်းတို့ အပါအဝင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။

(စ) ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင်အချင်းချင်း၊ အလုပ်သမားအချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှု များကို တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းရမည်။

အခန်း (၁၆) ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၆၅။ ရင်းနှီးမြှုပ်နှံသူသည် -

(က) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပြီးပိတ်သိမ်းခြင်း၊ လွှဲပြောင်း ရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရပ်ဆိုင်းခြင်း၊ လုပ်သားအင်အားလျှော့ချခြင်းတို့ အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပိတ် သိမ်းရမည်။

(ခ) ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားရသည့် ကာလ အတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ စသည်တို့နှင့်အညီ လုပ်ခ၊ လစာ ပေးရမည်။

(ဂ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေဆက်ခံ ခွင့်ရှိသူအား တည်ဆဲဥပဒေနှင့်အညီ ရထိုက်သည့် နစ်နာကြေးနှင့် လျော်ကြေးကို ပေးရမည်။

(ဃ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားကျွမ်းကျင် ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရန် ကြပ်မတ်ရမည်။

(င) အလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ ၏ အခန်း (၁၆) အလုပ်သမားရေးရာ ကိစ္စရပ်များတွင်လည်း ပုဒ်မ

၇၀။  စီမံခန့်ခွဲမှုကော်မတီသည် အထူးစီပွားရေးဇုန်အတွင်းရှိ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍-

(က) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို သတ်မှတ်ချက်များနှင့် အညီချုပ်ဆိုစေရေး အတွက် ကြီးကြပ်ရမည်။

(ခ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အလုပ်ရှင်နှင့်အလုပ်သမားတို့၏ အခွင့်အရေးနှင့် တာဝန် များကိုလည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ အလုပ်ထုတ်နစ်နာကြေးနှင့် အလုပ်သမားလျော်ကြေး စသည်တို့အပါအဝင် တည်ဆဲ အလုပ် သမားဆိုင်ရာ ဥပဒေများအရ အခွင့်အရေး များ ရရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

(ဂ) အလုပ်သမား၊ အတတ်ပညာရှင်နှင့် ဝန်ထမ်းတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ နစ်နာဆုံးရှုံးခြင်းမရှိစေရန် စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းပြုရမည်။

(ဃ) အလုပ်သမားနှင့်ဝန်ထမ်းတို့၏ အနည်းဆုံးလုပ်ခလစာကို သတ်မှတ်နိုင်သည်။

၇၁။  ရင်းနှီးမြှုပ်နှံသူသည် အလုပ်သမားစုဆောင်းခြင်းနှင့်စပ်လျဉ်း၍ အထူးစီးပွားရေး ဇုန်ရှိအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှလည်းကောင်း၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးကိုယ်စားလှယ်များမှလည်းကောင်း၊ မိမိ၏ အစီအစဉ်ဖြင့် လည်းကောင်းလွတ်လပ်စွာ ရှာဖွေစုဆောင်းနိုင်သည်။

၇၂။  အလုပ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်နှင့်အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

၇၃။  ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသားဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဘာသာရပ်များနှင့် စပ်လျဉ်း၍လေ့ကျင့်ပေးခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်။

၇၄။  ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ မလိုအပ်သောလုပ်ငန်းများတွင် နိုင်ငံသားများကို သာခန့်ထားရမည်။

၇၅။  ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သောလုပ်ငန်းများအတွက် နိုင်ငံသား ကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင် များနှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း၌ နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်အတွင်း၌ အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယနှစ် နှစ်အတွင်း၌ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားပြီးဖြစ်ရမည်။

၇၆။  (က) အထူးစီးပွားရေးဇုန်တွင် အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့ အကြားပေါ်ပေါက်သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက စေ့စပ်ညှိနှိုင်းခြင်း နှင့် ဖျန်ဖြေခြင်း ပြုလုပ်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စေ့စပ်ညှိနှိုင်း ဖျန်ဖြေသော်လည်း ပြေလည်မှုမရရှိ လျှင် အငြင်းပွားမှုကို အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၇၇။  အထူးစီးပွားရေးဇုန်အတွင်း အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဝန်ထမ်းများအတွက် အလုပ်လုပ်ခွင့်ပါမစ် ကို အထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစုတစည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနတွင် ဖွင့်လှစ် ထားသည့် အလုပ်သမားဌာန၏ ကိုယ်စားလှယ်ရုံးမှထုတ်ပေးရမည်။

၇၈။  ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အခြေအနေအရ နည်းပညာနှင့် စီမံခန့်ခွဲမှုအတွက် နိုင်ငံခြားသားဝန်ထမ်းများအား သတ်မှတ်ထားသည့်အရေအတွက်ထက်ပိုမိုခန့်ထားရန် လိုအပ်ပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ခန့်ထားနိုင်သည်။ ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

ထို့အတူ မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများ၏ အခန်း (၂၁) အလုပ်သမား၊ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ကိုအောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ပုဒ်မ ၂၀၉။ စီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်း အလုပ်သမားနှင့် သက်ဆိုင်သောကိစ္စများတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည် -

(က) အလုပ်ခန့်အပ်ခြင်း သဘောတူညီချက်များကို တည်ဆဲအလုပ်သမားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့် အညီ ကြီးကြပ်ရမည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်ခန့်အပ်ခြင်းသဘောတူညီချက်တွင် အလုပ်သမားအခွင့်အရေးနှင့် တာဝန်များကို ညှိနှိုင်းဖော်ပြရမည်။ ထို့အပြင် အနိမ့်ဆုံးလုပ်အားခ၊ လစာ၊ ခွင့် ရက်၊ ပိတ်ရက်၊ အချိန်ပိုကြေး၊ အလုပ်ရပ်စဲမှုနစ်နာကြေး၊ အလုပ်သမားလျော်ကြေးများ ရရှိရေးအတွက် လည်း တည်ဆဲအလုပ်သမားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရမည်။ ရင်းနှီး မြှုပ်နှံသူများနှင့် ရင်းနှီးတည်ဆောက်သူတို့သည် အလုပ်သမားခန့်အပ်ရေးဆိုင်ရာ ဌာနတွင်း စည်းမျဉ်းများ ကိုရေးဆွဲ၍ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြထားရမည်။

(ခ) အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများ၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာမှုမရှိစေရန် နှင့် ကာကွယ်ရန်စစ်ဆေးကြီးကြပ်ရမည်။ စီမံခန့်ခွဲမှုကော်မတီသည် စစ်ဆေးရေးပြုလုပ်လိုပါက ရင်းနှီးမြှုပ် နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူကို ၂၄ နာရီကြိုတင် အသိပေးရမည်။ ဤသို့စစ်ဆေးရာတွင် သက် ဆိုင်ရာအထူးစီးပွားရေးဇုန်၏ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန ရှိ အလုပ်သမားဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့်အတူ စစ်ဆေးရမည်။

၂၁၀။  အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် မိမိကိုယ်တိုင် ပြုစုထားသော အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းကမ်းများကို အသုံးပြုလိုပါက သက်ဆိုင်ရာအထူးစီးပွားရေး ဇုန်၏ စီမံခန့်ခွဲမှုကော်မတီသို့တင်ပြရမည်။ အလုပ်သမားခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အထူး စီးပွားရေးဇုန်များအလိုက် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများက လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၁၁။  နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားကို သင့်လျော်သော ရာထူးတာဝန်တွင် ခန့်အပ်ရန် ရင်းနှီးတည် ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက်အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာအသိပေးပြီး ချုပ်ဆိုရမည်။

၂၁၂။  ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံခြားကျွမ်း ကျင်သူအတတ်ပညာရှင်များကို ဥပဒေပုဒ်မ ၇၅ တွင် ပြဋ္ဌာန်းထားသည့် အရေအတွက်ထက်ပိုမို၍ ထပ်မံခန့် ထားလိုပါက စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။

၂၁၃။  စီမံခန့်ခွဲမှုကော်မတီသည် နည်းဥပဒေ ၂၁၂ အရ လျှောက်ထားမှုကို လက်ခံရရှိသည့်အခါ အောက်ပါ အချက်များအား စိစစ်၍ လျှောက်ထားမှုကိုခွင့်ပြုနိုင်သည် -

(က) ခန့်ထားသည့် နိုင်ငံခြားသားအား တာဝန်ပေးအပ်မည့် လုပ်ငန်းတာဝန်ကို မြန်မာနိုင်ငံသားများက တာဝန် ယူဆောင်ရွက်နိုင်ခြင်းရှိ-မရှိ။

(ခ) ခန့်ထားမည့် နိုင်ငံခြားသားအား ပေးအပ်မည့်တာဝန်သည် ခွင့်ပြုထားသည့်လုပ်ငန်းနှင့် ဆီလျှော်မှု ရှိ-မရှိ။

၂၁၄။  ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြားသားများ အတွက် အလုပ်လုပ်ခွင့်ပါမစ်ကို လုပ်ငန်းမစတင်မိ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ အလုပ်သမားဝန်ကြီးဌာန၏ ကိုယ်စားလှယ်ထံမှ ကြိုတင်ရယူရမည်။

၂၁၅။  နိုင်ငံသားနှင့် နိုင်ငံခြားသားအလုပ်သမား မှတ်ပုံတင်ခြင်းကို လုပ်ငန်းမစတင်မီ သက်ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနမှ ဆောင်ရွက်ရမည်။

၂၁၆။  အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းရှင်သည် မိမိအလုပ်သမားနှင့် ဝန်ထမ်းများ၏ အလုပ်ခွင်ဆိုင် ရာ၊ နည်းပညာဆိုင်ရာ၊ စီမံခန့်ခွဲရေးကျွမ်းကျင်မှုဆိုင်ရာ တိုးတက်မှုအတွက် လိုအပ်သည့်သင်တန်းများကို စီစဉ်ပံပိုးပေးရန် တာဝန်ရှိသည်။ စီမံခန့်ခွဲမှုကော်မတီသည် အလုပ်သမားများအတွက် လုပ်ငန်းရှင်များ၏ အခါအားလျော်စွာ စီစဉ်မည့် သင်တန်းများ၊ အစီရင်ခံစာများကို တင်ပြရန် တောင်းခံရမည်။

၂၁၇။  အထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများသည် ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်ခွင့်ဆိုင်ရာ ခွင့်ပြုမိန့်လျှောက်ထားခြင်းစသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို သက် ဆိုင်ရာ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်သည်။

၂၁၈။  အထူးစီးပွားရေးဇုန်အတွင်း အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင်၊ ဝန်ထမ်းများအကြား အငြင်းပွားမှုဖြစ်ပေါ်ပါက အလုပ်ရှင်သည် အငြင်းပွားမှုဖြစ်ပွားသည့် အချိန်မှစတင်၍ ၂၄နာရီ အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ အသိပေးတင်ပြရမည်။

​လိုက်နာဆောင်ရွက်မှုလုပ်ငန်းဆောင်တာများ ဥပဒေပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့်အကျုံးဝင်သက်ဆိုင်သည့် သတင်းပို့အဖွဲ့အစည်းများသည် အောက်ဖော်ပြပါ ပုဒ်မများကို လိုက်နာရန်လည်း လိုအပ်ပါသည်။ ဤပြဋ္ဌာန်းချက်များသည် မိမိတို့အဖွဲ့အစည်းရှိ Compliance ဌာနနှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများအပါအဝင် HR Compliance ဆိုင်ရာအခန်းကဏ္ဍများပါဝင်လျက်ရှိပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ -

၂၈။ (က) သတင်းပို့အဖွဲ့အစည်းများသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရန်နှင့် ဤဥပဒေနှင့်အညီ ဖော်ထုတ်ရရှိသည့်အန္တရာယ်များကို လျော့ပါးစေရေးအတွက် ထိရောက်စွာစီမံ ခန့်ခွဲရန် ဌာနတွင်းအစီအစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများကို ပြဋ္ဌာန်းခြင်း၊ ထပ်မံဖြည့်စွက်ပြဋ္ဌာန်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းများ ပြုလုပ်ရမည်။ ထို့ပြင် လိုအပ်ပါက ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများအား အကောင်အထည်ဖော်မှုကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်။ ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှု များတွင် အောက်ပါအချက်များပါဝင်သည်- 

(၁) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာဆောင်ရွက်ချက်များ၊ စဉ်ဆက် မပြတ် အလေးထားစိစစ်ခြင်း၊ လွှဲပြောင်းဆောင်ရွက်မှုများကို စောင့်ကြည့်စစ်ဆေးမှုများ၊ သတင်းပို့ရန် တာဝန်နှင့် မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာ တာဝန်ဝတ္တရားများ၊ 

(၂) မိမိဝန်ထမ်းများ၏ ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားစေရန် ကြီးကြပ်သည့် လုပ်ထုံးလုပ်နည်းများ နှင့် ယင်းဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ အလုပ်တာဝန်ထမ်းဆောင်မှုများနှင့် ငွေ ရေး ကြေးရေးနောက်ခံသမိုင်းကြောင်းတို့ကို အကဲဖြတ်ရန် နည်းစနစ်တစ်ရပ်၊ 

(၃) မိမိနှင့်ဆက်သွယ်ဆောင်ရွက်သူကို သိရှိခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးတာဝန်ဝတ္တရားများနှင့် အခန်း(၈) ပါ သတင်းပို့ရန် လိုအပ်သည့် လွှဲပြောင်းဆောင်ရွက်မှုများကို သိရှိခြင်းတို့နှင့်စပ်လျဉ်း၍ ဝန်ထမ်းများက အကူအညီပေးနိုင်ရေး အတွက် စဉ်ဆက်မပြတ်လေ့ကျင့်ရေးအစီအစဉ်များ၊ 

(၄) ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးမှုနှင့် အရေးယူ ဆောင်ရွက်မှုများ၏ ထိရောက်မှုကို စစ်ဆေးရန် လွတ်လပ်သော စစ်ဆေးရေးလုပ်ငန်းစဉ် တစ်ရပ်။ 

(ခ) အကြီးတန်းစီမံခန့်ခွဲမှုအဆင့်ရှိသော အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိတစ်ဦးအား ခန့် အပ်ထားရှိရမည်။ 

(ဂ) ဤပုဒ်မပါ အချက်တစ်ချက်ချင်းစီအတွက်  အရေးယူဆောင်ရွက်မှုအမျိုးအစားများကို သတ်မှတ်ရ မည်။ ယင်းသို့သတ်မှတ်ရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ် နှင့် တကွ စီးပွားရေးလုပ်ငန်းများပမာဏ၊ ဆက်သွယ်ဆောင်ရွက်သူများ၊ လွှဲပြောင်းဆောင်ရွက်မှုများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုပေးသည့် နည်းလမ်းနှင့်အတိုင်းအတာ၊ အဆိုပါ စီးပွားရေးလုပ် ငန်းတွင် အကျုံးဝင်ပတ်သက်သည့် ပထဝီဝင်အနေအထားနှင့် နိုင်ငံများ စသည်တို့ကို ထည့်သွင်းသုံးသပ်ရမည်။ 

(ဃ) အောက်ပါလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်- 

(၁) ဤဥပဒေအရ ထုတ်ပြန်ထားသည့် မူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများကို နိုင်ငံရပ်ခြားလုပ်ငန်း ခွဲများနှင့် အများစုပိုင်ဆိုင်မှုရှိသည့် လက်အောက်ခံလုပ်ငန်းခွဲများ အပါအဝင် လုပ်ငန်းအုပ်စု အလိုက် ကျယ်ပြန့်စွာလိုက်နာကျင့်သုံးစေခြင်း၊ 

(၂) ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်အား ဆောင်ရွက်ခြင်း နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအန္တရာယ်စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရန် သတင်းအချက်အလက်ဖလှယ်မှု လုံခြုံရေးနှင့် အသုံးပြုရေး လုပ်ထုံးလုပ်နည်းများ အပါအဝင် ဘဏ္ဍာရေး အုပ်စုတစ်ခုအတွင်း သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ထုံးလုပ်နည်း များ ထားရှိစေခြင်း။ 

၂၉။ သတင်းပို့အဖွဲ့အစည်းများသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ) အရ ခန့်အပ်ထားသည့် အရာရှိအား အောက်ပါလုပ်ပိုင်ခွင့်များ အပ်နှင်းရမည်- 

(က) လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ၊ မှတ်တမ်းများ၊ မှတ်ပုံတင်များနှင့် ငွေစာရင်းများကို ရယူပိုင်ခွင့်၊ 

(ခ) သတင်းပို့အဖွဲ့အစည်း၏ မည်သည့်ဝန်ထမ်းထံမှမဆို၊ မည်သည့်သတင်းအချက်အလက်၊ အကြောင်းကြား စာ၊ ရှင်းလင်းချက် သို့မဟုတ် စာရွက်စာတမ်းအထောက်အထားများကိုမဆို တောင်းခံပိုင်ခွင့်နှင့်ရယူပိုင်ခွင့်။ 

​ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ Compliance Officer ၏ လုပ်ပိုင်ခွင့်များအပ်နှင်းခြင်းဆိုင်ရာကိစ္စရပ်များကို ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပြီး လိုက်နာဆောင်ရွက်ရေးကို တာဝန်ယူထားသည့်သူများအနေဖြင့် မဖြစ်မနေလေ့လာ အသုံးချသင့်သည့် ဥပဒေဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသည့် ဥပဒေများအပြင် HR Compliance နှင့် ဆက်စပ်သည့် အခြားသောဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်မှာ လုပ်ငန်းအမျိုးအစားနှင့် အဖွဲ့အစည်းပေါ်မူတည်၍ လေ့လာဖော်ထုတ်ရမည်ဖြစ်ပြီး မိမိ၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ်မွမ်းမံပြင်ဆင်နေရန် လိုအပ်မည်ဖြစ်ပါသည်။

​အဖွဲ့အစည်းများသည် မတူကွဲပြားသောလုပ်ငန်းခွင်အပေါ်ပိုမိုအလေးပေးဆောင်ရွက်လာခြင်း၊ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှုများ တိုးတက်လာခြင်းနှင့်အတူ ရေရှည်တည်တံ့မှုနှင့် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများအသွင်သို့ ကူးပြောင်းလာခြင်းနှင့်အဆိုပါတာဝန်ယူမှုရှိသော စီးပွားရေးအလေ့အကျင့်ကောင်းများသည် ကုမ္ပဏီများသို့ လိုက်နာဆောင်ရွက်မှုများထက်ကျော်လွန်သော ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိပါသည်။ ထို့အပြင် ၎င်းတို့သည် လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများပေးနိုင်ရန် ပိုမိုကျယ်ပြန့်သော ESG ရည်မှန်းချက်ပန်းတိုင်များကိုချမှတ်လျက် အဖွဲ့အစည်း၏ ရည်မှန်းချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။


ရည်ညွှန်းချက်

​ISO 37301:2021 – Compliance Management Systems

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ

မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ

မြန်မာအထူးစီးပွားရေးဇုန် နည်းဥပဒေများ

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ

Sales & Customer Support December 3, 2024
Share this post
Sign in to leave a comment