ယှဉ်ပြိုင်မှုများပြား၍ ပြောင်းလဲတိုးတက်မှုများလျင်မြန်နေသော ယနေ့ခေတ်တွင် စီးပွားရေးလုပ်ငန်းများ၌ မိမိတို့အဖွဲ့အစည်းနှင့်သင့်တော်၍ အရည်အချင်းရှိသော ဝန်ထမ်းကောင်းများကို ခန့်ထားနိုင်ရေးသည် အဖွဲ့အစည်း၏ အောင်မြင်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့အတူ အဆိုပါစီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအမျိုးအစားအလိုက်လိုက်နာရမည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကြောင့်ဖြစ်စေ၊ လုပ်ငန်းတွင်းသတ်မှတ်ထားသော စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများအရဖြစ်စေ လိုက်နာဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် အလေးထားစိစစ်ခြင်း သို့မဟုတ် ဆီလျော်သောလုံ့လဝီရိယ (Due Diligence) ဟူသည့် အခန်းကဏ္ဍသည်လည်း ပူးတွဲပါဝင်လျက်ရှိပါသည်။ ဤဆောင်းပါးတွင် လိုက်နာဆောင်ရွက်မှုဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Compliance Management System) မှ ဝန်ထမ်းအကြောင်းသိရှိရန်ဆောင်ရွက်ခြင်း (Know Your Employee – KYE)၊ ဝန်ထမ်းအပေါ်အလေးထားစိစစ်ခြင်း (Employee Due-Diligence – EDD) ကိစ္စရပ်များကို သက်ဆိုင်ရာဥပဒေမူဘောင်များနှင့်အတူ ဖော်ထုတ်တင်ပြထားပါသည်။
Employee Due-Diligence ဟူသည်အဘယ်နည်း
ဝန်ထမ်းအပေါ်အလေးထားစိစစ်ခြင်းကိုလေ့လာရန်အတွက် KYE နှင့် Due-Diligence ကိုကနဦးသိရှိရန်လိုပါသည်။ ဝန်ထမ်းအကြောင်းသိရှိရန်ဆောင်ရွက်ခြင်း (Know Your Employee – KYE) ဟူသည် အလုပ်ခွင်တွင်တာဝန်ထမ်းဆောင်နေသာဝန်ထမ်းများနှင့် ဝန်ထမ်းအဖြစ် ခန့်အပ်ရန်အလားအလာရှိသောသူများ၏ အထောက် အထားများ၊ နောက်ခံသမိုင်းကြောင်းများကို စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဝန်ထမ်းအပေါ်အလေးထားစိစစ်ခြင်း (Employee Due-Diligence – EDD) သည် အဖွဲ့အစည်းအတွက် ဝန်ထမ်းများမှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အကဲဖြတ်သည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။
Due-Diligenceကို မြန်မာဘာသာဖြင့် အလေးထားစိစစ်ခြင်း၊ ဆီလျော်သော လုံ့လဝီရိယဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပြီး ၎င်းကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) မှ ဆီလျော်သောလုံ့လဝီရိယဆိုသည်မှာ စဉ်ဆက်မပြတ်ကျင့်သုံးနေသော၊ ဖြစ်လာမှတုံ့ပြန်ခြင်းထက် ဖြစ်အောင်အခြေအနေကို ဖန်တီးယူသော၊ အခြေအနေကိုတုံ့ပြန်သော လုပ်ငန်းစဉ်ဖြစ်သည် (Due diligence is an ongoing, proactive, and reactive process.) ဟု ရှင်းလင်းထားသည်ကို တွေ့ရှိရပါသည်။
EDD ပြုလုပ်ရမည့် လုပ်ငန်းဆောင်ရွက်မှုများ
EDD ကို ဝန်ထမ်းများနှင့်ဆက်ဆံရေးဆိုင်ရာလက်ရှိဆောင်ရွက်နေမှု၊ ဝန်ထမ်းရွေးချယ်ခန့်ထားမှု၊ ဝန်ထမ်းအဖြစ်မှခွဲခွာမှု စသည့်ဝန်ထမ်းဘဝစက်ဝန်းအဆင့်ဆင့် (Employee Life Cycle Stages) တစ်လျောက်စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝန်ထမ်းများနှင့်ဆက်ဆံရေးဆိုင်ရာလက်ရှိဆောင်ရွက်နေမှု (Ongoing Employee Relationship) တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအား အဖွဲ့အစည်း၏ မူဝါဒများ၊ လုပ်ထုံးလုပ် နည်းများကို လေ့ကျင့်မှုနှင့် အသိပညာပေးဆောင်ရွက်မှုများကို ပေါင်းစပ်၍ လိုက်နာကျင့်သုံးမှုကိစ္စရပ်များ၌ မြှင့်တင်တွန်းအားပေးခြင်းတို့အား ပုံမှန်စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားစေရန်ကြီးကြပ်သည့် လုပ်ထုံးလုပ်နည်းများကိုချမှတ်အကောင် အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပါသည်။
ဝန်ထမ်းရွေးချယ်ခန့်ထားမှုလုပ်ငန်းစဉ် (Recruitment Process) တွင် အင်တာဗျူးဆောင်ရွက်မှု၌ အလုပ်လျှောက်ထားသူအား အဖွဲ့အစည်း၏သတင်းအချက်အလက်လုံခြုံမှု၊ လျှို့ဝှက်ထားမှု သို့မဟုတ် ဥပဒေရေးရာ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု၊ ဂုဏ်သိက္ခာများကို ထိခိုက်မှုစသည့် အန္တရာယ်များမဖြစ်ပေါ်စေရန် ခန့်အပ်မည့်ရာထူးနှင့် မှန်ကန်သင့်လျော်မှုရှိ မရှိ ကို စစ်ဆေးခြင်းနှင့် ရိုးဖြောင့်မှုဂုဏ်သိက္ခာကို အကဲဖြတ်ခြင်းတို့ကို ချမှတ်ထားသည့် မြင့်မားသော စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်၍ ရိုးသားမှုမရှိသော ဝန်ထမ်းအား အလုပ်ခန့်ထားမှုမပြုရန် သေချာစွာစိစစ်ရွေးချယ်ရပါမည်။ အလုပ်လျှောက်ထားသူ၏ နောက်ခံအချက်အလက်များကို စစ်ဆေးရာတွင်
- မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်စစ်ဆေးခြင်း (Identify and Verify Identify)၊
- လိုအပ်သည့်ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုများ၊ စွမ်းဆောင်နိုင်မှုများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ (Required Education and Skills, Attributes, Skill Recognized Certificates)
- အလုပ်အကိုင်ရာဇဝင် (Employment History)
- အကိုးအကားစစ်ဆေးမှု (Reference Check)
- ပြစ်မှုမှတ်တမ်းကင်းရှင်းမှု (Criminal Record Clearance)
- ကြွေးမီစစ်ဆေးမှု (Credit Check)
- လျှို့ဝှက်ချက်မပေါက်ကြားရေးနှင့် လျှို့ဝှက်ထားရှိရေးကို သိရှိနားလည်၍ သဘောတူညီမှု (Understand and Agree on Tipping-off and Confidentiality)
- သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များ (Fit and Proper Criteria) စစ်ဆေးခြင်းတို့ ပါဝင်သည်။
အချို့စီးပွားရေးအဖွဲ့အစည်းများသည် အလုပ်သမားဥပဒေအရ ချမှတ်ထားသော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (Employment Contract) ချုပ်ဆိုခြင်းအပြင် အဖွဲ့အစည်း၏ တန်ဖိုးထားမှုများ၊ ကျင့်ဝတ်သိက္ခာများ၊ အကျိုးစီးပွားပဋိပက္ခဆိုင်ရာ ကိစ္စရပ်များအပါအဝင် လျှို့ဝှက်သတင်းအချက်အလက်များဆိုင်ရာမူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ ဖွင့်ဟထုတ်ဖော်ခြင်းမပြုရသော သဘောတူညီချက် (Non-Disclosure Agreement – NDA) ကို သဘောတူလက်မှတ်ရေးထိုးခြင်း အလေ့အကျင့်ကို ပြုလုပ်ကျင့်သုံးလျက်ရှိပါသည်။ ထို့နည်းတူစွာ အဖွဲ့အစည်း၏ လုပ်ငန်းအမျိုးအစားအလိုက်လိုက်နာရမည့် တည်ဆဲဥပဒေများအရ သတ်မှတ်ထားသော သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအရ ရာထူးတာဝန်ထမ်းဆောင်မှုအခြေအနေပေါ်မူတည်၍ (ဥပမာ - အဆင့်မြင့် အရာရှိကြီးများ၊ ဌာနအကြီးအကဲများ စသည်) ဝန်ထမ်းအား ကိုယ်ရေးဆိုင်ရာထုတ်ဖော်ကြေညာချက်ပုံစံ (Self Declaration Form) ကို ဖြည့်စွက်စေသည့် လုပ်ထုံးလုပ်နည်းနှင့် အကျိုးစီးပွားများထုတ်ဖော်အသိပေးသည့် လုပ်ငန်းစဉ်သည်လည်း EDD အစီအစဉ်တွင် မှန်ကန်ကောင်းမွန်သော အလေ့အကျင့်ကောင်းများဖြစ်ပါသည်။ ၎င်းအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ရန်ပုံငွေထုတ်ယူသုံးစွဲခွင့်ကို ခွင့်ပြုနိုင်သည့် အခွင့်အာဏာရှိသော သို့မဟုတ် ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ အဖွဲ့အစည်းအတွင်းရှိ လုပ်ငန်းစဉ်များကို ပါဝင်ပြောင်းလဲမှုပြုနိုင်သော သို့မဟုတ် အလွန်အကဲဆတ်သည့်စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုနှင့် ဖောက်သည်များ၏ အချက်အလက်များလိုအပ်၍ လုပ်ပိုင်ခွင့်များစွာရှိသည့် သတ်မှတ်ထားသောရာထူးနေရာများတွင် တာဝန်ထမ်းဆောင်သူများအား ဝန်ထမ်းအပေါ်အလေးထားစိစစ်ခြင်းအပြင် လိုအပ်သည့်နောက်ထပ် ထပ်တိုးတိုင်းတာမှုအနေဖြင့် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) ကိုပြုလုပ်ရန် လိုအပ်ပါသည်။
အဖွဲ့အစည်းများသည် EDD လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အရေးကြီးသောအချက်အလက်များကာကွယ်မှုပြုရန်၊ လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက် လျှို့ဝှက်ထိန်းသိမ်းရမည့်အချက်အလက်များကို ဆက်လက်ထိန်းသိမ်းရန်တို့ကို သေချာစေရန်အတွက် အလုပ်တာဝန်မှ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း စသည့် ဝန်ထမ်းအဖြစ်မှခွဲခွာမှု (Employee Separation) လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စနစ်ကျသော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချမှတ်ကျင့်သုံးမှုရှိရန် လိုအပ်ပါသည်။ EDD ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းခန့်အပ်ခြင်း၊ အတည်ပြုခြင်းများ၊ အလုပ်မှထွက်ခွာသည့်အချိန်များတွင်သာ ကျင့်သုံးရန်မဟုတ်ဘဲ စဉ်ဆက်မပြတ်ကျင့်သုံးရမည်ဖြစ်ပါသည်။
EDD နှင့်စပ်လျဉ်း၍ တရားရေးမူဘောင်များ
ဝန်ထမ်းအပေါ်အလေးထားစိစစ်ခြင်းနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများအား လေ့လာမှုပြုရာတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၂၈ (က) ၌ သတင်းပို့အဖွဲ့အစည်းများသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ဤဥပဒေနှင့်အညီ ဖော်ထုတ်ရရှိသည့်အန္တရာယ်များကို လျော့ပါးစေရေးအတွက် ထိရောက်စွာစီမံ ခန့်ခွဲရန် ဌာနတွင်းအစီအစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများကို ပြဋ္ဌာန်းခြင်း၊ ထပ်မံဖြည့်စွက်ပြဋ္ဌာန်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းများ ပြုလုပ်ရမည်။ ထို့ပြင် လိုအပ်ပါက ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများအား အကောင်အထည်ဖော်မှုကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်။ ယင်းမူဝါဒများနှင့် ကြီးကြပ်ထိန်းသိမ်းမှုများတွင် အောက်ပါအချက်များပါဝင်သည်-
ယင်းဥပဒေပုဒ်မ၏ ပုဒ်မခွဲ (၂) နှင့် (၃) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။
(၂) မိမိဝန်ထမ်းများ၏ ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားစေရန် ကြီးကြပ်သည့် လုပ်ထုံးလုပ်နည်း များနှင့် ယင်းဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ အလုပ်တာဝန်ထမ်းဆောင်မှုများ နှင့် ငွေရေးကြေးရေးနောက်ခံသမိုင်းကြောင်းတို့ကို အကဲဖြတ်ရန် နည်းစနစ်တစ်ရပ်၊
(၃) မိမိနှင့်ဆက်သွယ်ဆောင်ရွက်သူကို သိရှိခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အထူးတာဝန်ဝတ္တရားများနှင့် အခန်း(၈) ပါ သတင်းပို့ရန် လိုအပ်သည့် လွှဲပြောင်းဆောင်ရွက်မှုများကို သိရှိခြင်းတို့နှင့်စပ်လျဉ်း၍ ဝန်ထမ်းများက အကူအညီပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့်ရေးအစီအစဉ်များ၊
အဆိုပါပြဋ္ဌာန်းချက်အရ ဤဥပဒေနှင့်သက်ဆိုင်သော အဖွဲ့အစည်းများသည် မိမိတို့ဝန်ထမ်းများအား အလေးထားစိစစ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စနစ်ကျသည့်လုပ်ထုံးလုပ်နည်းများကို ချမှတ်အကောင် အထည်ဖော်ရန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
EDD တွင်ပါဝင်လျက်ရှိသည့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ပတ်သက်၍ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၏ ပုဒ်မ ၇၆ ၌ ပါရှိသော ပြဋ္ဌာန်းချက်များမှ အောက်ပါပုဒ်မခွဲများတွင်
(က) ရာထူးတာဝန်ယူရန် သင့်မြတ်လျော်ကန်မှုရှိခြင်းနှင့် ဤဥပဒေအရ ရာထူးတာဝန်ထမ်းဆောင်ရန် တားမြစ်ပိတ်ပင်ခြင်းမရှိပါက မည်သူမဆို ဘဏ်တစ်ခု၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာအဖြစ် ခန့်အပ်ပိုင်ခွင့်၊ ရွေးချယ်တင်မြှောက် ခံပိုင်ခွင့် သို့မဟုတ် အမည် စာရင်း တင်သွင်းခွင့်ရှိသည်။
(ခ) ဤဥပဒေအရ ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်သူ ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် ဗဟိုဘဏ် က သတ်မှတ်နိုင်သည့် အခြားကိစ္စရပ်များအပြင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရ မည်-
(၁) ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာ ကဏ္ဍ တစ်ခုခု တွင် ပညာအရည်အချင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သော အရည်အချင်းများ သို့မဟုတ် ထိရောက်သည့်အတွေ့အကြုံများ၊
(၂) အဆိုပါ ပုဂ္ဂိုလ်သည် လိမ်လည်လှည့်ဖြားမှု၊ မရိုးမဖြောင့်မှု သို့မဟုတ် အခြား မလျော်မ ကန်ပြုမူ ကြောင်း ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းကဖြစ်စေ၊ ပြည်တွင်းပြည်ပတွင် ဖွဲ့စည်းထားသည့် အသက်မွေးဝမ်းကျောင်းအသင်းအဖွဲ့ သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထား သည့် အခြားအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းခြင်းခံရ ခြင်း၊
(၃) အဆိုပါ ပုဂ္ဂိုလ်သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ တရားရုံးတစ်ခု ခုက ပြစ်ဒဏ်ချမှတ်ခြင်း ခံရခြင်း ရှိမရှိ၊
(၄) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လူမွဲစာရင်း ခံယူသူအဖြစ် ကြေညာခံ ရခြင်း ရှိမရှိ၊
(၅) အဆိုပါ ပုဂ္ဂိုလ်သည် ကြွေးမြီပြန်လည်ပေးဆပ်မှုအပါအဝင် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပ တွင်ဖြစ်စေ တရားရုံးတစ်ခုခု၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်သူ ဟုတ်မဟုတ်၊
(၆) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေတရားရုံးတစ်ခုခုက သော်လည်း ကောင်း၊ နိုင်ငံတော်တွင် အစိုးရဆေးဘုတ်အဖွဲ့ကသော်လည်းကောင်း စိတ်မနှံ့ သူ ဖြစ်သည် ဟု ကြေညာထားခြင်းခံရသူ ဟုတ်မဟုတ်၊
(၇) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကြပ်မတ်ကွပ်ကဲခြင်း စည်းမျဉ်းအရ အရေးယူခြင်းကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်း ကောင်း ငွေရေးကြေးရေးအဖွဲ့ အစည်း သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်း တစ်ခုခုတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ထမ်းဆောင်ခြင်းမှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးရပ်ဆိုင်းခြင်းခံရသူ ဟုတ်မဟုတ်၊
(၈) အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံတော်တွင်ဖြစ်စေ၊ အရပ်ဒေသတစ်ခုခုတွင်ဖြစ်စေ လိုင်စင်အား ခေတ္တ ရပ်စဲခြင်း သို့မဟုတ် ရပ်စဲခြင်းခံထားရသည့် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခု၏ အဓိကအစု ရှယ်ယာရှင်၊ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ်တစ်ဦး ဟုတ် မဟုတ်။
(ဂ) ပုဒ်မခွဲ (ခ) ကို မထိခိုက်စေဘဲ ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် မန်နေဂျာ သည် ယင်းဘဏ်၏ လက်အောက်ခံအခြားအဖွဲ့အစည်း သို့မဟုတ် ဦးပိုင်ကုမ္ပဏီ မှအပ အခြားဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် တစ်ချိန်တည်းတာဝန် ထမ်းဆောင်ခြင်းမပြုရ" ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်တာဝန်၊ လျှို့ဝှက်ထားရန်တာဝန်အား ခြွင်းချက်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။
အလုပ်သမားဥပဒေရေးရာတွင် EDD နှင့်ဆက်နွယ်လျက်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်ကိုလေ့လာရာတွင် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၊ ပုဒ်မ ၃၄ တွင် " မည်သူမဆို ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ကို အတုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ " ဟု ပြဋ္ဌာန်းထားပါသည်။
နိဂုံးချုပ်အနေဖြင့် အလေးထားစိစစ်ခြင်းသည် သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ အပေါ်မူတည်၍ စဉ်ဆက်မပြတ်ကျင့်သုံးရမည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ ခိုင်မာကောင်းမွန်သော EDD အစီအစဉ်ကို ကျင့်သုံးခြင်းသည် ဥပဒေရေးရာ လိုအပ်ချက်များအားဖြည့်ဆည်းခြင်းအပြင် အဖွဲ့အစည်း၏ တန်ဖိုးထားမှုများ၊ ယဉ်ကျေးမှုနှင့်အတူ ရေရှည်ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိစေပါသည်။ ထို့အပြင် EDDသည် လုပ်ငန်းခွင်အတွင်းမှခြိမ်းခြောက်မှုအန္တရာယ်များ နည်းပါးစေ၍ အဖွဲ့အစည်းအား ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်စေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ကိရိယာ တစ်ခုအဖြစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဤဆောင်းပါးတွင် တင်ပြအပ်ပါသည်။
ရည်ညွှန်းချက်
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
OECD Guidelines for Multinational Enterprises Responsible Business Conduct Matters
Know Your Employee Guidance, Compliance Commission, Nov 2023
Know Your Employee (KYE) – Employee Due-Diligence (EDD): Why is it important? How far must you go? By The Compliance Commission of the Bahamas, Apr 27th 2023