Skip to Content

Compliance Management ဆိုတာ ဘာလဲ၊ ဘာကြောင့် လုပ်ဖို့လိုအပ်တာလဲ။

မောင်သစ္စာ (ဟံသာဝတီ)

လူ့ဘောင်အဖွဲ့အစည်းမှာ လူရယ်လို့ဖြစ်လာလျှင် စား၊ ဝတ်၊ နေရေး လူမှုရေး စတဲ့ကိစ္စတွေမှာ အဆင်ပြေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ နဲ့ လူ့တန်ဖိုး အဆင့်အတန်း ဂုဏ်သိက္ခာမြင့်မားရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းကျင့်ကြံဖို့ အရေးကြီးပါတယ်။ ထို့နည်းတူ လူတစ်ဦးတစ်ယောက်ခြင်း စုပေါင်းမှုမှသည် အစုအဖွဲ့၊ လုပ်ငန်း အဖွဲ့အစည်း အသေး၊ အလတ်၊ အကြီး စသဖြင့် အဆင့်ဆင့်ဖြစ်တည်လာတဲ့ အဖွဲ့အစည်းတိုင်းမှာ မိမိတို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ဖော်ဆောင်ရင်း တပြိုင်နက် လုပ်ငန်းရဲ့ဂုဏ်သတင်းနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ လိုက်နာဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။

ထို့အတူ စီးပွားရေးလုပ်ငန်းများမှာလည်း မိမိတို့ရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုတွေသည် သုံးစွဲသူဖောက်သည်များရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမှုနဲ့ အဖွဲ့အစည်းပေါ်မှာ ယုံကြည်မှုပိုမိုကောင်းမွန်ဖို့၊ ရင်းနှီးမြှုပ်နှံသူများနဲ့ အကျိုးသက်ဆိုင်သူတို့ရဲ့ ယုံကြည်မှု ခိုင်မာအောင်ရရှိမှု၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့နဲ့ လုပ်ငန်းချဲ့ထွင်ဖို့တို့အတွက် ကောင်းမွန်တဲ့ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ လိုက်နာဆောင်ရွက်မှု အလေ့အထကောင်းတွေကို ဆောင်ရွက်ရန် အရေးကြီးလှပါတယ်။

ဒီလိုဆောင်ရွက်ဖို့ ကိစ္စတွေအတွက် ဘာတွေ လုပ်ကြမလဲ၊ ဘာအကျိုးကျေးဇူးတွေရမလဲ၊ လုပ်ငန်းအတွက် ဘာတွေ ကောင်းမွန်လာစေမလဲဆိုတဲ့ မေးခွန်းတွေအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေကို ဒီဆောင်းပါးမှာ မိတ်ဆက်ဖော်ပြသွားမှာဖြစ်ပါတယ်။ ကနဦးအနေနဲ့ လုပ်ငန်းနဲ့ရော လိုက်နာဆောင်ရွက်မှုကိစ္စရပ်တွေကို ဖော်ဆောင်ရမယ့်သူတွေအတွက် Compliance Management ဆိုတာဘာလဲ၊ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ Compliance Management ကို လွယ်လွယ်ကူကူနဲ့အဓိပ္ပါယ်ဖွင့်ဆိုရလျှင်


လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေဟာ ကိုယ့်လုပ်ငန်းရဲ့ အကျိုးစီးပွား လုပ်ငန်းတွေကို လုပ်နေရင်းနဲ့ တဖက်ကနေ အဖွဲ့အစည်းအတွက် Compliance Management ကိုလုပ်ဖို့ ဘယ်နေရာတွေမှာ ဘာကြောင့် အရေးကြီးလဲဆိုတာကတော့ဆက်လက် ပမာပုံဆောင်ပြရရင်

) Legal Requirements တရားဥပဒေအရ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့

) Reputation အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကောင်း တိုးတက်မြင့်မားစေဖို့

) Risk Management ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုအတွက် လုပ်ဆောင်ဖို့

) Data Security သတင်းအချက်အလက်ရင်းမြစ်တွေရဲ့ လုံခြုံစိတ်ချရမှုအတွက် အစီအမံကောင်း တွေ ဆောင်ရွက်ဖို့

) Financial Stability ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုရှိဖို့နဲ့ မလိုလားအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အခက် အခဲတွေကို ရှောင်ရှား ကာကွယ်နိုင်ဖို့

) Employee Safety ဝန်ထမ်းတွေ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းဖို့

) Environmental Protection သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ပေးနိုင်ဖို့

) Operational Efficiency လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးဖို့

) Ethical Conduct ကျင့်ဝတ်စောင့်ထိန်းတဲ့ အဖွဲ့အစည်းဖြစ်ဖို့

၁၀) Customer Trust ဖောက်သည်တွေရဲ့ ယုံကြည်မှု ရအောင်လုပ်ဖို့

၁၁) Competitive Advantage ယှဉ်ပြိုင်မှုအားသာချက်တွေ ပိုရှိစေဖို့

၁၂) Better Decision Making အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ထိ ရောက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုမိုချနိုင်ဖို့

၁၃) Improved Relationships ပေါင်းသင်း ဆက်ဆံဆောင်ရွက်မှုတွေ တိုးတက်လာဖို့ (လုပ်ငန်းပါတနာတွေ၊ ဖောက်သည်တွေ၊ ကူညီပံ့ပိုးသူတွေ၊ ရင်းနှီးမြှပ်နှံသူတွေ နဲ့ အစိုးရအဖွဲ့အစည်း)

၁၄) Improved Governance ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်ဖော်ဆောင်နိုင်ဖို့

၁၅) Improved Public Health/ Interest အများပြည်သူတို့ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်ဖို့ နဲ့ အကျိုး စီးပွားဖြစ်ထွန်းစေဖို့ တွေအတွက် လိုအပ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းများအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်ရင် အထက်မှာ ဖော်ပြထားတဲ့ နေရာတွေမှာ တိုးတက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Compliance Management ကို ဘာကြောင့်လုပ်ဖို့ လိုအပ်တာလဲဆိုတဲ့ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံဖော်ပြရရင်တော့

Legal Requirements

အစိုးရကနေ ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် စတာကို လိုက်နာဆောင်ရွက်မှုမရှိရင် လုပ်ငန်းအနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေအရ သတိပေးခံရတာ၊ ဒဏ်ကြေးတွေ ချမှတ်ခံရတာ၊ လုပ်ငန်းလိုင်စင် ဆိုင်းငံ့/ ရပ်ဆိုင်း ခံရတာနဲ့ ပြစ်ဒဏ်ချမှတ်ခံရတာတွေ ရှိနိုင်တဲ့အတွက် ဒီလိုကိစ္စတွေကို ရှောင်လွှဲနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်တဲ့လိုက်နာဆောင်ရွက်မယ့်ကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ (ဥပမာ အခွန်ဆောင်ရမယ့်အချိန်မှာ မဆောင်ဖြစ်လိုက်လို့ ဒဏ်ကြေးချမှတ်ခံရတဲ့ကိစ္စတွေ စသည်)

Reputation

လုပ်ငန်းကနေ လိုက်နာဆောင်ရွက်ဖို့လိုအပ်တဲ့ စံသတ်မှတ်ချက်နဲ့ ကျင့်ဝတ်တွေ၊ လုပ်ငန်းဆောင်ရွက်တဲ့ အစီအမံကောင်းတွေကို လိုက်နာတာကြောင့် အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကောင်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ပုံရိပ်ကောင်းတွေ ရရှိလာစေဖို့ လိုက်နာဆောင်ရွက်ရတာ ဖြစ်ပါတယ်။

Risk Management

လိုက်နာဆောင်ရွက်ခြင်းဟာ လုပ်ငန်းကို တရားဥပဒေဆိုင်ရာ ချိုးဖောက်မှုနဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေ၊ ငွေရေးကြေးရေးဆိုင်ရာ ဆုံးရှုံးမှုနဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကောင်းကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေမှာ လုပ်ငန်းအတွက် ဆုံးရှုံးမှုအန္တရာယ်များကို လျော့ပါးစေရန် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းအနေဖြင့် တွေ့ကြုံနေရသည့် အဓိကဆုံးရှုံးနိုင်ချေများ၊ ၎င်းတို့အား မည်သို့လျှော့ချနိုင်မှုနှင့် ပြန်လည်ကုစားမှုအစီအစဉ်များကို လုပ်ဆောင်ရန်အတွက် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲရေး စနစ်တရပ် ခိုင်ခိုင်မာမာရေးဆွဲထားခြင်းလုပ်ငန်းစဉ်ကို ဖော်ဆောင်ရာတွင် လိုက်နာဆောင်ရွက်ခြင်းက အရေးပါသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အထောက်အပံ့ပေးနိုင်ပါတယ်။

Data Security

အဖွဲ့အစည်းအတွက် ထိခိုက်လွယ်ပြီး အရေးပါတဲ့ သတင်းအချက် ချိုးဖောက်ခံရတာတွေ၊ ပေါက်ကြားမှုနဲ့ နှောင့်ယှက်ခံရမှုတွေ မဖြစ်အောင် တားဆီးကာကွယ်ထိန်းသိမ်းဖို့တွေသည် သတင်းအချက်အလက်လုံခြုံစိတ်ချမှုရှိအောင်ကာကွယ်နိုင်ဖို့ လိုက်နာဆောင်ရွက်ဖို့ ကိစ္စရပ်များအဖြစ် လိုက်နာဆောင်ရွက်မှုက အရေးပါလှပါတယ်။

Financial Stability

လိုက်နာဆောင်ရွက်မှုရှိခြင်းက အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုဖြစ်အောင် ထိန်းသိမ်းထားမှုတွေ၊ ငွေကြေးအလွဲသုံးစားမှု နဲ့ လာဘ်ပေး လာဘ်ယူမှုဆိုင်ရာ ကိစ္စတွေ၊ တရားဥပဒေကြောင်းအရ ဒဏ်ကြေးချမှတ်ခံရတာကြောင့် ငွေကြေးဆုံးရှုံးမှုမဖြစ်အောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

Employee Safety

လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးအတွက် စီမံဆောင်ရွက်မှုနဲ့ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းကို လိုက်နာတာကြောင့် ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးနိုင်ပြီး မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေ မဖြစ်အောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

Environmental Protection

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်ဆောင်ရွက်ချက်တွေကနေ ရှောင်ရှားနိုင်ပြီး လိုအပ်တဲ့စီမံဆောင်ရွက်မှုတွေကို လုပ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ရေရှည်တည်တံ့တဲ့ ထိန်းသိမ်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ (ဥပမာ - ရေဆိုးစွန့်ပစ်မှုဆိုင်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဥပဒေလမ်းညွှန်ချက်တွေနဲ့ အညီသေချာထိန်းသိမ်းလုပ်တာကြောင့် ရေထုညစ်ညမ်းမှုကို ကာကွယ်နိုင်တာမျိုး)

Operational Efficiency

လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းက အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ သေချာထိထိရောက်ရောက် အသုံးချနိုင်ပြီး အဖွဲ့အစည်းရဲ့ လုပ်ငန်းလုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ethical Conduct

လိုက်နာပြုကျင့်ရမယ့် ကျင့်ဝတ်တွေ၊ စောင့်ထိန်းရမယ့် အပြုအမူတွေကို လိုက်နာတာက အဖွဲ့အစည်းကို ကျင့်ဝတ်လိုက်နာဆောင်ရွက်မှုအားကောင်းတဲ့ အဖွဲ့အစည်းကောင်းတခုကို ဖြစ်စေပြီး မလိုလားအပ်တဲ့ ကျင့်ဝတ်ချိုးဖောက်မှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ (တချို့အဖွဲ့အစည်းဆိုရင် လုပ်ငန်းရဲ့ Code of Conduct မှာ Code of Champion ဆိုတဲ့ ကျင့်ဝတ်တခုကို ထည့်ထားပြီး ကျင့်ဝတ်စောင့်ထိန်းမှုမှာ အားလုံးလိုက်နာပူးပေါင်းပါဝင်တဲ့ အသိုက်အဝန်းကို ဖန်တီးထားပြီး ကျင့်ဝတ်လိုက်နာစောင့်ထိန်းမှု အားကောင်းတဲ့ အဖွဲ့အစည်းဖြစ်ဖို့ ဆောင်ရွက်နေတာဟာ အင်မတန်မှ ကျင့်ဝတ်အပေါ်ကို အလေးထားကြောင်း ဖော်ပြတဲ့ လုပ်ငန်းဆောင်ရွက်မှုအလေ့အထကောင်းပဲ ဖြစ်ပါတယ်။

Customer Trust

ဖောက်သည်တွေနဲ့ ပတ်သက်တဲ့ စားသုံးသူရေးရာအကာအကွယ်ပေးရေးနဲ့ဆက်စပ်တဲ့ ဆောင်ရွက်မှုတွေကို လိုက်နာတာက အဖွဲ့အစည်းကို စားသုံးသူတွေက ယုံကြည်မှုရပိုဖို့နဲ့ အမြဲတမ်းဖောက်သည်အင်အား ထိန်းသိမ်းထားနိုင်မှုစတာကို အထောက်အပံ့ပေးနိုင်ပါတယ်။ (ဥပမာ - စားသောက်ကုန်လုပ်ငန်းတွေမှာဆိုရင် FDA သတ်မှတ်ချက်တွေနဲ့အညီ အစားအသောက်ဘေးကင်းဖို့ လုပ်ဆောင်တာမျိုး)

Competitive Advantage

လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းလုပ်ဆောင်မှုတွေအလိုက် ချမှတ်ထားတဲ့ စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှုတွေဟာ ကိုယ့်လုပ်ငန်းကို အခြား အဖွဲ့အစည်းလုပ်ငန်းတွေနဲ့ ယှဉ်တဲ့အခါ ကိုယ်က အရည်အသွေးနဲ့ စိတ်ချရမှုဆိုင်ရာ အာမခံချက်တွေပိုပေးနိုင်တဲ့ပုံရိပ်တွေ၊ လုပ်ငန်းရဲ့ကောင်းသတင်းဂုဏ်တွေကြောင့် ဈေးကွက်မှာ ကိုယ့်လုပ်ငန်းက ယှဉ်ပြိုင်မှုအားသာချက် ပိုမိုရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

Better Decision Making

လိုက်နာဆောင်ရွက်မှုသည် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာဆောင်ရွက်မှုတွေ၊ အဖွဲ့အစည်းကနေ ချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေ၊ ဆုံးရှုံးနိုင်မှုနိုင်ချေစီမံခန့်ခွဲမှု နဲ့ ကုစားမှုဆိုင်ရာ အခြေအနေ စတာတွေကို အချက်အလက်စုဆောင်းပြီး လေ့လာစန်းစစ်မှုနဲ့ အချက်အလက်ကို အခြေခံတဲ့ စဉ်းစားဆုံးဖြတ်ဆောင်ရွက်မှုတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ချမှနိုင်မှု လုပ်ငန်းစဉ်တွေကို ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။

Improved Relationships

လိုက်နာဆောင်ရွက်ခြင်းက အဖွဲ့အစည်းရဲ့ လုပ်ငန်းဆိုင်ရာ ပေါင်းသင်း ဆက်ဆံဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့အတွက် ကူညီထောက်ပံ့ပေးပါတယ်။ (ဥပမာအားဖြင့် လုပ်ငန်းလုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေ၊ ကူညီပံ့ပိုးသူတွေ၊ ရင်းနှီးမြှပ်နှံသူတွေ နဲ့ အစိုးရအဖွဲ့အစည်းတွေ နဲ့ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်စေပါတယ်)

Improved Governance

လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်မှု၊ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု နဲ့ လိုက်နာဆောင်ရွက်မှုအစီအမံတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်ကောင်းတွေဖြစ်စေရန် Complianceသည် လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ကို ရရှိဖို့ မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါတယ်။

Improved Public Health

တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းအလိုက် အများပြည်သူတို့၏ ကျန်းမာရေးအတွက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းသည် အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ဘေးအန္တရာယ်များကင်းရှင်းပြီး စိတ်ချရမှုကိုဖြစ်စေပြီး အများပြည်သူလူထု၏ ကျန်းမာရေးစီမံဆောင်ရွက်မှုအလေ့အကျင့်ကောင်းများ ဖော်ဆောင်ခြင်းနှင့်အတူ ကူးစက်ရောဂါများ ပြန့်ပွားမှုမရှိအောင် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေနဲ့ လုပ်ငန်းများဆောင်ရွက်တဲ့အခါ လိုက်နာမှုဆိုင်ရာ အစီအမံ အလေ့အထကောင်းများကို စီမံခန့်ခွဲဖော်ဆောင်ခြင်းဖြင့် အထက်မှာဖော်ပြထားတဲ့ အားသာချက်များရရှိပြီး အဖွဲ့အစည်းတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်များကို တည်ဆောက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။


Sales & Customer Support March 21, 2023
Share this post
Tags
Sign in to leave a comment