ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုနှင့် အကျင့်ပျက်ခြစားမှုများမှ အခြေတည်ဖြစ်ပေါ်လာသည့် အဂတိလိုက်စားမှုသည် အဖွဲ့အစည်းတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ်စေနိုင်၍ ဟန်ချက်ညီသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပြုနိုင်ပါသည်။ ဤဆောင်းပါးတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆိုးကျိုးများ၊ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု သရုပ်သဏ္ဌာန်များနှင့် အဂတိလိုက်စားမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ကောင်းမွန်သည့်စံနှုန်းများကို ဖော်ထုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု သဘောတရားနှင့် အခြေခံအနက်အဓိပ္ပါယ်
ပထမဦးဆုံး အဂတိလိုက်စားမှုရဲ့ သဘောသဘာဝကို လေ့လာရာမှာ အဂတိလိုက်စားမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃) မှာ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
အဂတိလိုက်စားမှု ဆိုသည်မှာ အောက်ပါတို့ကို ဆိုလိုသည်။
(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့် အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုး လက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန် အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ် နည်း နည်းဖြင့်ပြုလုပ်ခြင်း။
(၂) မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဖြစ်စေ ယင်း တို့၏ ပိုင်ဆိုင်မှုကိုတောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင် ဖြစ်စေ၊ ယင်း တို့နှင့်သက်ဆိုင်မှုမရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက်နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားတာ တွေ့ရပါ တယ်။
ဒါ့အပြင် အဂတိလိုက်စားမှုနဲ့ ဆက်စပ်တဲ့ တံစိုးလက်ဆောင် ကိုလည်း အဆိုပါဥပဒေမှာ ဒီလို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
"တံစိုးလက်ဆောင် ဆိုရာတွင် အဂတိလိုက်စားမှု အလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်းပြုသော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များလည်း ပါဝင်သည်။" ဟု ဖော်ပြထားပါသည်။
အဂတိလိုက်စားမှုကို ပညာရှင်များက အဓိပ္ပာယ်အမျိုးမျိုးဖြင့် ဖွင့်ဆိုထားမှုများစွာရှိပြီး မူကွဲဝေါဟာရများလည်းရှိပါသည်။ ထို့အပြင် အဆိုပါဝေါဟာရမှာ ကျယ်ပြန့်သော အဓိပ္ပာယ်ကိုဆောင်ပါသည်။ ထိုသို့အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International – TI) မှ "အကျင့်ပျက်လာဘ်စားမှုဆိုသည်မှာ ယုံကြည်စွာအပ်နှင်းထားသည့် အခွင့်အာဏာအားပုဂ္ဂလိကအကျိုးအမြတ်အတွက် အလွဲသုံးစားပြုခြင်းပင်ဖြစ်သည်" ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ အဂတိလိုက်စားမှု၏ ယေဘုယျကျ၍ ရှင်းလင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုယ်တိုင်သေချာစွာနားလည်သိမြင်ခြင်းမှာ အရေးကြီးပါသည်။ သို့မှသာ စာရှုသူတို့၏ အဂတိလိုက်စားမှုအကြောင်းအရာကိစ္စရပ်များအပေါ် လေ့လာမှုများအား အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု၏ သက်ရောက်မှုများနှင့် စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု
အဂတိလိုက်စားမှုရဲ့ အကျိုးဆက်တွေက အဖွဲ့အစည်းအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိပါတယ်။ ဥပမာ မြင်သာတဲ့ ဆိုးကျိုးအချို့ကို ဖော်ပြရရင်တော့ အဂတိလိုက်စားမှုက
- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လျော့ပါး နှောင့်နှေးစေနိုင်ခြင်း
- စိတ်ချယုံကြည်မှုကို ပျက်စီးစေခြင်း
- ဆင်းရဲနွမ်းပါးမှု တိုးပွားစေခြင်း
- လူ့အခွင့်အရေးများ လျော့ပါးစေခြင်း
- အဖွဲ့အစည်း၏ ကောင်းမွန်သောယဉ်ကျေးမှု ဓလေ့ထုံးစံများကို ပုံပျက်ယွင်းစေခြင်း
- အဖွဲ့အစည်းအတွင်းတွင် ကောင်းမွန်သော ဓလေ့စရိုက်ရှိသည့် လူနှင့် လုပ်ငန်းစနစ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို ယိုယွင်းပျက်စီးစေခြင်း
- အကျင့်ပျက်လာဘ်စားမှုသည် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ထိရောက်မှုကိုလျှော့ချခြင်း
- အကျင့်ပျက်လာဘ်စားမှုများကြောင့် အရင်းအမြစ်များ အလဟဿဖြစ်မှုများ၊ ပြုန်းတီးမှုများကို ဖြစ်ပေါ်စေခြင်း
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများအား လျော့ကျစေခြင်း တို့ကို ဖြစ်စေပါသည်။
အဂတိလိုက်စားမှုကို တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းသည် အကြောင်းအရာကိစ္စအတွက် မိမိ၏ကိုယ်ကျိုးစီးပွားရယူလိုမှုတွင် အခြားသူများထက် ထူးကဲသော အခွင့်အရေး သို့မဟုတ် အခြေအနေကို ရရှိရန် တရားဥပဒေနှင့်မညီသော လုပ်ဆောင်ချက်အပြုအမူကို လုပ်ပိုင်ခွင့်အာဏာရှိသူအား ကြိုတင်လုပ်ဆောင်ပေးသည့် ကိစ္စရပ်ဟူ၍လည်း ယေဘုယျအားဖြင့် ရှုမြင်နိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုသည် ငွေကြေးဆိုင်ရာ အစီအရင်ခံစာများကို မှားယွင်းစွာ (သို့မဟုတ်) လိမ်လည်၍ တင်ပြခြင်း၊ ပစ္စည်းများဝယ်ယူရာတွင် လိမ်လည်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခြင်းနှင့် အခြားလုပ်ဆောင်ချက်အမျိုးမျိုးတို့ပါဝင်ပါသည်။ စီးပွားရေးလုပ်ငန်းများ၌ အဂတိလိုက် စားမှုကျူးလွန်သည့်ပုံစံအများစုကို အောက်ပါအတိုင်းတွေ့ရပါသည်။
- စီးပွားရေးဆိုင်ရာ လာဘ်ပေးလာဘ်ယူမှုနှင့် အခွင့်ထူးရရှိရန်အတွက် လာဘ်ပေးရခြင်း
- ခြိမ်းခြောက်၍ ငွေညှစ်ခြင်းနှင့် သွေးဆောင်စည်းရုံးခြင်း
- လက်ဆောင်ပစ္စည်းများနှင့် ဧည့်ဝတ်ကျေပွန်မှုများ
- အခကြေးငွေနှင့် ကော်မရှင်ခများ ပေးအပ်ခြင်း
- ပူးပေါင်းလိမ်လည်ရန် ညှိနှုိင်းခြင်း
- သတင်းရောင်းစားခြင်း
- မလျော်သြဇာသုံးခြင်း
- အလွဲသုံးစားပြုလုပ်ခြင်း
- အကျိုးစီးပွားပဋိပက္ခအပေါ်အခြေခံသည့် အန္တရာယ်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း
- မျက်နှာသာပေးခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံးခြင်း၊ အပေါင်းအသင်းများအား မျက်နှာသာပေးခြင်း တို့ကိုတွေ့ရှိရပါသည်။
စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဂတိလိုက်စားမှုများကို တန်ပြန်တိုက်ဖျက်ရေးနည်းလမ်းများ၌ ထိရောက်ကောင်းမွန်သည့် နည်းလမ်းတခုမှာ ကောင်းမွန်သောအုပ်ချုပ်ရေးနည်းလမ်းကို ဖော်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါကောင်းမွန်သောအုပ်ချုပ်ရေးနည်းလမ်းစနစ်ကို အကောင်အထည် ဖော်ရာ၌ ဘက်ပေါင်းစုံပါဝင်သော ချဉ်းကပ်နည်းကို လက်ခံရန်လိုအပ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေသတ်မှတ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ထိရောက်မှုအရည်အသွေးရှိခြင်း နှင့် အပြန်အလှန်စစ်ဆေးထိန်းကျောင်းခြင်းနည်းစနစ်များစွာ ပါဝင်ပါသည်။
ဤနည်းလမ်းစနစ်တွင် ကိုယ်ကျင့်တရားအရဖြောင့်မတ်တည်ကြည်မှု "ရိုးဖြောင့်မှု ဂုဏ်သိက္ခာ" အားကောင်းလာအောင် တည်ဆောက်ရေးနှင့် အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထယဉ်ကျေးမှုကိုတည်ဆောက် တွန်းအားပေးခြင်း၊ အဂတိလိုက်စားမှုဖြစ်နိုင်ချေရှိသည့် ကိစ္စရပ်များကို ရှာဖွေ ဖော်ထုတ် သတ်မှတ်ခြင်း၊ အထူးသဖြင့် ပစ္စည်းဝယ်ယူမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကဲ့သို့သော စီမံခန့်ခွဲရေးပိုင်းတွင် ရိုးဖြောင့်မှု ဂုဏ်သိက္ခာတည်ဆောက်ခြင်းကိုမြှင့်တင်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများချမှတ်ထုတ်ပြန်ခြင်းနှင့် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာဗဟုသုတများအား မျှဝေခြင်း၊ ကျင့်ဝတ်များနှင့် တန်ဖိုးများတွင် အခိုင်အမာအခြေခံထားသည့် ရိုးရှင်းသော အခင်းအကျင်းနှင့်အတူ ဂရပ်ဖစ် ရုပ်ပုံကားချပ်များနှင့်တကွ ဝန်ထမ်းများအားလုံးအတွက် အလွယ်တကူလက်လှမ်းမီနိုင်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ဖော်ပြထုတ်ပြန်ခြင်း၊ အဂတိလိုက် စားမှုဖြစ်ပွားနေကြောင်း သံသယရှိပါက မည်သို့သတင်းပို့ရမည်ဆိုသည့် ကိစ္စရပ်များနှင့် နောက်ထပ်စပ်လျဉ်းသည့် အကြံဉာဏ်များအား မည်သည့်နေရာတွင် ရရှိနိုင်သည်ဆိုသည့်အချက်များအပါအဝင် တာဝန်ခံမှုနှင့် ပတ်သက်သည့်ရှင်းလင်းပြတ်သားသော လမ်းညွှန်ချက်များ ရေးဆွဲထားရှိခြင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သတင်းပေးရန်အတွက် ခိုင်လုံမှုရှိပြီး သတင်းပေးသူ၏ အမည်ကိုထုတ်ဖော်စရာမလိုသော လုံခြုံစိတ်ရသည့် သတင်းပေးမှုလမ်းကြောင်းများထားရှိခြင်း၊ အဖွဲ့အစည်းမှ ချမှတ်ကျင့်သုံးနေသည့် ကျင့်ဝတ်စည်းကမ်းများနှင့် ယင်းတို့အားအကောင်အထည်ဖော်သည့်အစီအစဉ်များအား သတ်မှတ်ထားသည့်အချိန်ကာလအတိုင်း ပုံမှန်မွမ်းမံပြင်ဆင်ခြင်းတို့သည် အဂတိလိုက်စားမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ကောင်းမွန်သည့်စံနှုန်းများပင်ဖြစ်ပါသည်။
အဖွဲ့အစည်းအမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ရှိနေသော အဂတိလိုက်စားမှုဆိုင်ရာ အလေ့အထများ၊ ၎င်းတို့၏ သရုပ်သဏ္ဌာန်များနှင့် အန္တရာယ်များကို သိမြင် နားလည်ခြင်း၊ ယင်းတို့၏ အကျိုးသက်ရောက်မှုများကို ကိုယ်တွယ်ရန်နည်းလမ်းများနှင့် ရှုပ်ထွေးသည့်ဖြစ်ရပ်များကို စေ့စပ်သေချာစွာ ဝေဖန်ဆန်းစစ်နိုင်မှု၊ အဂတိလိုက် စားမှုကို တန်ပြန်တိုက်ဖျက်မည့် ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်းတို့သည် စာရှုသူနှင့် ကျွန်ုပ်တို့ မလွဲမသွေရင်ဆိုင်ရမည့် စိန်ခေါ်မှုများပင်ဖြစ်ပါသည်။
ရည်ညွှန်းချက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃။)
အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁)
အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)
ဂုဏ်သိက္ခာတည်ဆောက်ရေးနှင့် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး
https://www.Transparency.org/what-is-corruption#define
Regulatory Compliance Course’ material by UNIVERSITY of PENNSYLVANIA
.