Skip to Content

အလုပ်သမား၏ လစာ အခကြေးငွေမှ နှုတ်ယူဖြတ်တောက်သည့် ကိစ္စရပ်များတွင် သတိပြုလိုက်နာရမည့် ဥပဒေပုဒ်မများ၊ တားမြစ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာခြင်း

မောင်သစ္စာ (ဟံသာဝတီ)

ကုမ္ပဏီ၊ လုပ်ငန်းဌာနအသီးသီးတွင် အလုပ်သမားများအား လစာ အခကြေးငွေပေးချေရန် တာဝန်ရှိသူများနှင့် လစာ တွက်ချက်ခြင်း၊ ပေးချေခြင်းအလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသောသူများအတွက် အောက်ပါအတိုင်း သက်ဆိုင်ရာ ဥပဒေများကို စုစည်း ရေးသားဖော်ပြအပ်ပါသည်။
လိုက်နာရမည့် ဥပဒေ ပုဒ်မများ
အလုပ်သမားများ၏ အခကြေးငွေပေးချေရေးအတွက် နောက်ဆုံးထုတ်ပြန်ထားသည့် ဥပဒေမှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည့် အခကြေးငွေပေးချေရေး ဥပဒေဖြစ်သည်။
ထိုဥပဒေ၏ အခန်း (၃) ပုဒ်မ (၇)အရ အလုပ်ရှင်သည် အလုပ်သမား၏အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည့်အချက်များ မှာ

  • အလုပ်မဆင်းသည့်ရက်များ (သက်ဆိုင်ရာဥပဒေအရ အခကြေးငွေခံစားခွင့်ရှိသည့် ခံစားခွင့်များနှင့် အများပြည်သူအလုပ် ပိတ်ရက်များမှ အပ)
  • အခကြေးငွေတွင် ပါဝင်ခြင်းမရှိသည့် အလုပ်ရှင်မှ စီစဉ်ပေးသည့် နေထိုင်ခနှင့် ပို့ကြိုယာဉ်စရိတ်၊ စားစရိတ်များ၊ လျှပ်စစ် ဓာတ်အားခ၊ ရေဖိုး၊ မှားယွင်း၍ ပိုပေးမိသော အခကြေးငွေ၊ အလုပ်သမားက ပေးဆောင်ရမည့် ဝင်ငွေခွန်
  • ကြိုတင်ထုတ်ပေးငွေ၊ စိုက်ထုတ်ပေးငွေ၊ အလုပ်သမားအတွက် စုငွေ၊ ဥပဒေအရ ထည့်ဝင်ကြေးငွေတစ်ရပ်ရပ် (ဥပမာ - လူမှုဖူလုံရေးကြေး)
  • တရားရုံး သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်သမား၏ အခကြေးငွေမှ နုတ်ယူခြင်း (ဥပမာ - အလုပ်သမား၏ ပေါ့ဆမှု၊ မှားယွင်းမှုကြောင့်ပစ္စည်းဆုံးရှုံးမှု) တို့ဖြစ်ပါသည်။

ထို့ပြင် ပုဒ်မ ၁၁ အရ အလုပ်ရှင်သည် အလုပ်သမား၏ အခကြေးငွေမှ

  • အလုပ်သမား၏ တမင်လျစ်လျူရှုမှု၊ ပေါ့ဆမှုကြောင့် ဖြစ်စေ၊ မရိုးဖြောင့်သော သဘောဖြင့် ပြုလုပ်မှု၊ ပျက်ကွက်မှုကြောင့် ဖြစ်စေ အလုပ်ရှင်က အလုပ်သမားအား အတိအလင်းအပ်နှံထားသည့် တာဝန်ရှိသော ပစ္စည်းနှင့်ငွေကြေး တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုသည် ထိုအလုပ်သမား၏ ပေါ့ဆမှုနှင့် မှားယွင်းမှုကြောင့် တိုက်ရိုက်ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှု။
  • အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ ဒဏ်ငွေသတ်မှတ်ထားသည့် အလုပ်ခွင်စည်းကမ်းတစ်ရပ်ရပ်ကို အလုပ်သမားက ဖောက်ဖျက်မှု တို့အတွက် နုတ်ယူဖြတ်တောက်နိုင်သည်။

မှတ်ချက်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းချက်များ သည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည်ဖြစ်ပြီး အလုပ်သမား၏ အကျိုးခံစားခွင့်များသည် တည်ဆဲ ဥပဒေတစ်ရပ်ရပ်ပါခံစားခွင့်များအောက် လျော့နည်းခြင်းမရှိစေရ။
(အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) အရ)
အခကြေးငွေမှ နှုတ်ယူဖြတ်တောက်ခြင်းအတွက် တားမြစ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အခကြေးငွေပေးချေရေးဥပဒေ

  • ပုဒ်မ ၈ အရ၊ အလုပ်ရှင်သည် ပုဒ်မ ၇ နှင့် ပုဒ်မ ၁၁ ပြဌာန်းချက်များနှင့်အညီ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမှအပ မည်သည့်ကိစ္စအတွက်မျှ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။
  • ပုဒ်မ ၉ - ပုဒ်မ ၇ အရ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင် အလုပ်သမားက တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှု အတွက် နုတ်ယူဖြတ်တောက်ငွေများမှ အပ အခြားနုတ်ယူငွေ စုစုပေါင်းသည် အလုပ်သမားရရှိသည့် အခကြေးငွေ၏ ၅၀% ထက်မပိုစေရ။
  • ပုဒ်မ ၁၀ - နုတ်ယူဖြတ်တောက်သည့် ပေးလျော်ရန် ဒဏ်ငွေပမာဏမှာ အလုပ်သမား၏ လုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင် ရန် ပျက်ကွက်မှုကြောင့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှု တန်ဖိုးထက်မပိုစေရ။
  • ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) အလုပ်ရှင်သည် ပုဒ်မ ၁၁ အရ အခကြေးငွေမှဖြတ်တောက်ရာတွင် အလုပ်သမားအား ထုချေဖြေရှင်းခွင့် တစ်စုံတစ်ရာ မပေး ဘဲ ထိုအခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း မပြုရမည့်အပြင် အလုပ်သမား၏ လစဉ်အခကြေးငွေမှ တစ်လလျှင် ၅% ထက်ပို၍ နုတ်ယူဖြတ်တောက်ခြင်း မပြုရ။
  • ပုဒ်မ ၁၀ ပုဒ်မခွဲ (င) အရ အလုပ်ရှင်သည် အသက် ၁၆ နှစ်အောက် အလုပ်သမားထံမှ ဒဏ်ငွေအဖြစ် လုံးဝနုတ်ယူ ဖြတ်တောက်ခြင်းမပြုရ။

အခကြေးငွေမှ နှုတ်ယူဖြတ်တောက်ရာတွင် ကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ။
အခကြေးငွေပေးချေရေးဥပဒေပါ ပြဌာန်းချက် လုပ်ထုံးလုပ်နည်းများအရ အလုပ်ရှင်သည် အောက်ပါအတိုင်း လိုက်နာ ကျင့်သုံးရမည် ဖြစ်ပါသည်။

ပုဒ်မ ၁၁ အရ ပေးလျော်ရန်ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမပြုမီ မည်သည့်ကိစ္စ အတွက် မည်သို့ဖြတ်တောက်မည်ကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ထိုခွင့်ပြုချက်ကို သက်ဆိုင်ရာ အလုပ်ရုံ၊ လုပ်ငန်းဌာန၌ အများမြင်သာသော နေရာများတွင် ကပ်ထားရမည်ဖြစ်သည်။ (ပုဒ်မ ၁၀ ပြဌာန်းချက်)
ထို့အပြင် အလုပ်ရှင်သည် ချမှတ်ထားသော ဒဏ်ငွေအားပေးချေရမည့် ကာလသတ်မှတ်ချက်ကို အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက်နှင့်အညီ ဆောင်ရွက်နိုင်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့် ငွေများကို မှတ်တမ်း ရေးသွင်း၍ စနစ်တကျထိန်းသိမ်းထားရမည်ဖြစ်ကာ လစဉ်အစီအရင်ခံစာကို ဦးစီးဌာနသို့တင်ပြရမည်ဖြစ်ပါသည်။ (ပုဒ်မ ၁၀၊ ပုဒ်မ ခွဲ (စ၊ ဇ၊ ဈ) အရ)

ပစ္စည်းဆုံးရှုံးမှုအတွက် ဖြတ်တောက်ငွေကို ဥပဒေအရဖွဲ့စည်းထားသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်း သဘောတူညီချက်အရ သတ်မှတ်အချိန်ကာလအတွင်း နုတ်ယူဖြတ်တောက်ရမည်ဖြစ်သည်။ (ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ)အရ)
အလုပ်ရှင်သည် အခကြေးငွေပေးချေရေး ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက်စာချုပ်ပါ ဒဏ်ငွေသတ်မှတ်ထားသည့် အလုပ်ခွင်စည်းကမ်းချက်တစ်ရပ်ရပ်ကို အလုပ်သမားကဖောက်ဖျက်မှုအတွက် နုတ်ယူဖြတ်တောက်သည့်ဒဏ်ငွေများကို စက်ရုံ၊ လုပ်ငန်းဌာနများရှိ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်း နှင့် ညှိနှိုင်း၍အလုပ်သမားများအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၌ အသုံးပြုရမည်ဖြစ်ပါသည်။ (ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ည) အရ)

နိဂုံးချုပ်အနေဖြင့် အထက်တွင်ဖော်ပြခဲ့သော ဥပဒေ ပုဒ်မများ၊ တားမြစ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို အလုပ်ရှင် နှင့် အလုပ်ရှင်ကိုယ်စား စီမံခန့်ခွဲသူတို့သည် ဥပဒေကြောင်းအရ အလုပ်သမား၏ လစာ အခကြေးငွေမှ နှုတ်ယူဖြတ်တောက်ခြင်းကိစ္စ ကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နိုင်ရန် စုစည်းဖော်ပြအပ်ပါသည်။

#Salary_deduction
#Radius_Compliance_Insight_Consulting


Sales & Customer Support February 21, 2023
Share this post
Sign in to leave a comment